နိဒါန်း
(၂၀၂၆) ခုနှစ် မေလ (၁၅) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိ ကာလအတွင်း မွန်ပြည်နယ်၏ စစ်ရေးပဋိပက္ခအခြေအနေသည် မြေပြင်တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း စစ်ရေးဖိအားနှင့် တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိပေ။ တစ်လတာအတွင်း မွန်ပြည်နယ်၌ တိုက်ပွဲ (၂) ကြိမ်သာ ဖြစ်ပွါးခဲ့ပြီး ယင်းတို့မှာ ဘီးလင်းမြို့နယ်အတွင်း၌ တစ်ရက်တည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အာဏာသိမ်းစစ်တပ်သည် စစ်အစိုးရ၏ ရက် (၁၀၀) စီမံကိန်းကာလအတွင်း မြေပြင်စစ်ဆင်ရေးများထက် လေကြောင်းအင်အားကို ဗျူဟာမြောက် အပြင်းအထန် တိုးမြှင့်အသုံးပြုလာနေသည်။ ဤကဲ့သို့သော လေကြောင်းစစ်ဆင်ရေးများနှင့် စစ်ရေးတင်းမာမှုများသည် စစ်ရေးရလဒ်များထက် ကျော်လွန်၍ ဒေသခံအရပ်သားပြည်သူများ၏ လုံခြုံရေး၊ နေထိုင်မှုဘဝနှင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရေရှည်ဖြစ်ပေါ်စေလျက် ရှိသည်။
နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် ဘီးလင်းတွင် အရပ်သားများ နေရပ်မပြန်နိုင်သေး
ဇွန်လ (၈) ရက်နေ့တွင် ဘီးလင်းမြို့နယ်ရှိ လေးကေနှင့် ဝင်းတာပန်တပ်စခန်းများကို ပိတ်ဆို့တိုက်ခိုက်နေသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော စစ်တပ်စစ်ကြောင်းတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် ဇွန်လ (၉) ရက်နေ့တွင်လည်း ဝင်းတာပန်နှင့် ပိန္နဲတောရွာကြား၌ တော်လှန်ရေးအင်အားစုများက အဆိုပါစစ်ကြောင်းကို လိပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။[1]
လေးကေတပ်စခန်းသည် (၂၀၂၆) ခုနှစ် ဧပြီလ (၁၂) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည့်စခန်းတစ်ခု ဖြစ်သော်လည်း မေလ (၁၂) ရက်နေ့တွင် စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။[2] ယခုအခါ လေးကေနှင့် ဝင်းတာပန်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း ဆက်လက်ပိတ်ဆို့ ဖိအားပေးထားနိုင်ဆဲဖြစ်ကြောင်းကို ဇွန်လအတွင်း တိုက်ခိုက်မှုဖြစ်စဉ်များက ဖော်ပြနေသည်။ စစ်တပ်ဘက်မှ တပ်စခန်းများ မကျစေရေး လေကြောင်းပစ်ကူများကို အပြင်းအထန် အသုံးပြုခဲ့သဖြင့် တိုက်ပွဲများမှာ ရေရှည်ဖြစ်ပွားနေခဲ့သည်။
စစ်တပ်သည် ဤစခန်းသိမ်းတိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၈၃) ကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းအနက် အကြိမ်ရေ (၈၀) သည် ဘီးလင်းမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သည်။ ဤတိုက်ခိုက်မှုများ၏ သက်ရောက်မှုသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများအထိ ပျံ့နှံ့သွားခဲ့သည်။ ဤဖြစ်စဉ်များကြောင့် ဘီးလင်းမြို့နယ်မှ အရပ်သား (၁၃,၀၂၆) [3] ဦးနှင့် ဘားအံမြို့နယ်မှ အရပ်သား (၆,၂၈၆) ဦး[4] စုစုပေါင်း (၂၀,၀၀၀) ခန့်သည် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ရာ နေရပ်သို့ ပြန်လည်အခြေချနိုင်ခြင်း မရှိသေးပေ။
ရေးမြို့နယ်၏ လေကြောင်းတိုက်ခိုက်မှုက ဘာသဘောဆောင်သလဲ
မေလ (၁၅) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အတွင်း ရေးမြို့နယ်၌ မြေပြင်တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း စစ်ရေးဖိအားမှာ လျော့နည်းသွားခြင်း မရှိပေ။ စစ်တပ်သည် လေကြောင်းအင်အားကို အသုံးပြု၍ ရေးချောင်းဖျားဒေသအတွင်းရှိ ပစ်မှတ်များကို မေလ (၂၇) ရက်နှင့် ဇွန်လ (၃) ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့သည်။ ဤဖြစ်စဉ်များသည် မြေပြင်တိုက်ပွဲများ လျော့နည်းလာသော်လည်း စစ်ရေးဖိအားပေးသည့် ပုံစံပြောင်းလဲလာခြင်းကို ပြသနေသည်။
လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည် အချိန်နှင့် နေရာတွင် တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်း မရှိသဖြင့် ၎င်း၏ အဓိကရည်ရွယ်ချက်မှာ တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုကို ဟန့်တားရန် ဖြစ်နိုင်သည်။ ရေးချောင်းဖျားဒေသသည် အပစ်ရပ် မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ ဆက်စပ်ထိန်းချုပ်နယ်မြေများဖြစ်ပြီး စစ်တပ်ကို ဆန့်ကျင်သော အဖွဲ့များ လှုပ်ရှားရာဒေသအဖြစ် ရှုမြင်ခံရသဖြင့် ၎င်းတို့၏ ထောက်ပို့လမ်းကြောင်းကို ကန့်သတ်ရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် လေကြောင်းတိုက်ခိုက်မှု၏ သက်ရောက်မှုသည် စစ်ရေးပစ်မှတ်များအပေါ်၌သာ မကန့်သတ်ဘဲ အရပ်သားများအပေါ်ပါ ကျရောက်ခဲ့သည်။ မေလ (၂၇) ရက် တိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ် “ရေးဘီလူးတပ်စခန်း” ကို ထိမှန်ခဲ့သော်လည်း ဇွန်လ (၃) ရက် လေကြောင်းတိုက်ခိုက်မှုသည် ဥယျာဉ်ခြံအတွင်း ကျရောက်ပြီး အရပ်သား (၁) ဦး သေဆုံးခဲ့သည်။[5] ထို့ကြောင့် လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ကင်ပွန်း၊ နယ်ပြား၊ ချောင်းနှစ်ခွနှင့် ချဲဒိုက်ရွာတို့မှ ဒေသခံလူထု (၁,၀၀၀) ခန့်မှာ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းခဲ့ကြရသည်။[6] ဤအခြေအနေသည် ရေးမြို့နယ်တွင် ပဋိပက္ခလျော့ကျသွားသည်မဟုတ်ဘဲ မြေပြင်တိုက်ပွဲများမှ လေကြောင်းအသုံးပြု ဖိအားပေးသည့် ပဋိပက္ခပုံစံတစ်ရပ် ဖြစ်သည်ဟု သုံးသပ်ရသည်။
နိဂုံး
ခြုံငုံသုံးသပ်ရလျှင် (၂၀၂၆) ခုနှစ် မေလလယ်မှ ဇွန်လလယ်အတွင်း မွန်ပြည်နယ်၌ မြေပြင်တိုက်ပွဲများ လျော့နည်းခဲ့သော်လည်း စစ်ရေးတင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိပေ။ အထူးသဖြင့် အာဏာသိမ်း စစ်တပ်သည် မြေပြင်စစ်ဆင်ရေးများထက် လေကြောင်းကို ပိုမိုအသုံးပြုလာကာ တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုနှင့် ထောက်ပို့လမ်းကြောင်းများကို ဖိအားပေးရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ သို့သော် အဆိုပါ စစ်ဆင်ရေးများ၏ သက်ရောက်မှုသည် စစ်ရေးပစ်မှတ်များအပေါ်သာမက အရပ်သားပြည်သူများအပေါ်ပါ ကျရောက်နေပြီး စစ်ဘေးရှောင်ဦးရေ တိုးလာခြင်းနှင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးသော အခြေအနေများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ ဆက်လက်ကြီးမားနေသည်ကို ဖော်ပြနေကြောင်း သုံးသပ်တင်ပြလိုက်ရသည်။
[1] Salween Press, June 11, 2026: ဘီးလင်းမြို့နယ်တွင် ဒဏ်ရာရလူနာပြန်ပို့စဉ် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရ၊ လူနာများကို DKBA ဗိုလ်ဘိအဖွဲ့မှလာကြို။ https://www.facebook.com/share/p/1BQqhUVFSy/
[2] Than Lwin Times, May 14, 2026: ဘီးလင်း လေးကေရွာကို စစ်တပ် ပြန်လည်ထိန်းချုပ်။ Thanlwintimes
[3] Karen National Union, April 12, 2026: ဘီးလင်းမြို့နယ်အတွင်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာ (၁၃) ရွာ ပြည်သူ (၁၃,၀၂၆) ဦး ဘေးလွတ်ရာသို့တိမ်းရှောင်နေရ။ https://www.facebook.com/share/p/1CWeHXAj9Z/
[4] Karen National Union, April 21, 2026: ဒူးသထူခရိုင်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ (၁) ဦးသေဆုံး၊ ပြည်သူ (၁) ဦးထိခိုက် ကာ နေအိမ်စွန့်ခွာထွက်ပြေးနေရသူများ အရေးပေါ်အကူအညီများလိုအပ်နေ။ https://www.facebook.com/share/p/1EQkDZof3F/
[5] Independent Mon News Agency, June 4, 2026: ရေးချောင်းဖျားဒေသ ကျေးရွာအတွင်းသို့ စစ်တပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ။ Independentmonnewsagency
[6] Mon Relief and Development Center, June 12, 2026: ရီုဗင်ထံက်ပင် ညးဍုၚ်ကွာန် သ္ကုတ်ကွာန်ချေံဍာ်၊ ပွိုၚ်ဍုၚ်ကၞောတ်ၜဳရေဝ်။ https://www.facebook.com/share/p/1CtECFJDw3/
