၂၀၂၆ ခုနှစ် (ဧပြီ-ဇွန်) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

၂၀၂၆ ခုနှစ် (ဧပြီ-ဇွန်) မွန်ပြည်နိုင်ငံရေးသုံးသပ်ချက်

မွန်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ စစ်အနိဌာရုံမြင်ကွင်းများနှင့် လူမှု-စီးပွား ရိုက်ခတ်မှုများ

 

နိဒါန်း

၂၀၂၆ ခုနှစ် အလယ်ပိုင်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအသံ ဆူညံလာသလို ရှိသော်လည်း သေနတ်သံ မတိတ်သေးပါ။ ဤသုံးလပတ် နိုင်ငံရေးသုံးသပ်ချက်တွင် မွန်ပြည်တွင်း နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ စစ်အနိဌာရုံမြင်ကွင်းများနှင့် ပြည်သူ လူထုများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် လူမှု-စီးပွားဘဝ အခြေအနေများကို လေ့လာမှတ်သားရပေမည်။ ဧပြီလမှ ဇွန်လအထိ ဖြစ်ပျက်ခဲ့သော သတင်းမှတ်တမ်းများကို အခြေခံ၍ RICE သုတေသီများက ခြုံငုံသုံးသပ်ထားပါသည်။ ထို့ကြောင့် တစ်ထိုင်တည်း ဖတ်ရုံဖြင့် ၃ လတာ မွန်ပြည်တွင်းရေး အကြောင်းစုံကို သိရှိသွားနိုင်သည်။ RICE မှ လွှမ်းခြုံနိုင်သည့် သုတေသနဧရိယာမှာ (၁၄) မြို့နယ် ရှိသည်။  မွန်ပြည်နယ် (၁၀) မြို့နယ်နှင့် ကရင်ပြည်နယ်မှ (၃) မြို့နယ်ဖြစ်သော ဖားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့အပြင် တနင်္သာရီတိုင်းက ရေဖြူမြို့နယ်လည်း ပါဝင်သည်။

အကျဉ်းချုပ်

  • ၂၀၂၆ ခုနှစ် ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း မွန်ဒေသ၏ နိုင်ငံရေး၊ စစ်ရေး၊ လူ့အခွင့်အရေးနှင့် လူမှု-စီးပွားရေး အခြေအနေများသည် သိသာထင်ရှားသော အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေးအရ ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ (စတုတ္ထမူကြမ်း) ရေးဆွဲရေး လုပ်ငန်းစဉ် ဆက်လက်ရွေ့လျားနေသလို မွန်ပြည်တော်လှန်ရေးချာတာ ရေးဆွဲရေးကလည်း မွန်တော်လှန်ရေးအင်အားစုများအကြား ဘုံနိုင်ငံရေးမူဘောင် တစ်ရပ် တည်ဆောက် နိုင်မည့် အလားအလာသစ်ကို ဖော်ဆောင်လာခဲ့သည်။ တစ်ဖက်တွင်လည်း စစ်အုပ်စုကက ကျင်းပသည့် ရွေးကောက်ပွဲအပြီး မွန်ညီညွတ်ရေးပါတီ (MUP) သည် ပြည်နယ်လွှတ်တော်အတွင်း အရေးပါသည့် အခန်းကဏ္ဍတစ်ခု ရရှိလာခဲ့ပြီး၊ အစောပိုင်း လွှတ်တော်ဆောင်ရွက်ချက်များကို စတင်တွေ့မြင်လာရသည်။

 

  • စစ်ရေးအခြေအနေတွင် မြေပြင်တိုက်ပွဲအရေအတွက် လျော့နည်းလာသော်လည်း မြန်မာစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ရေးဖိအားများ ပိုမိုတိုးမြှင့်လာခဲ့သည်။ တစ်ချိန်တည်းတွင် မွန်တော်လှန်ရေးအင်အားစုအသစ်များ ပေါ်ထွက်လာခြင်း၊ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာခြင်း တို့ကို တွေ့မြင်ရသော်လည်း နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းမှုများ ပိုမိုအားကောင်းလာရန် လိုအပ်နေဆဲ ဖြစ်သည်။

 

  • လူ့အခွင့်အရေးအခြေအနေမှာ ဆက်လက်ဆိုးရွားနေပြီး လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားသေဆုံးမှုနှင့် ဒဏ်ရာရမှုများ၊ အတင်းအဓမ္မဖမ်းဆီးမှုများ၊ စစ်မှုထမ်းစုဆောင်းမှုများနှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ပဋိပက္ခဒဏ်ကြောင့် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများ ပိုမိုထိခိုက်လာခဲ့သည်။

 

  • လူမှု-စီးပွားရေးကဏ္ဍတွင် စွမ်းအင်အကျပ်အတည်း၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ ပညာရေးစနစ်အပေါ် ပဋိပက္ခ၏ သက်ရောက်မှုနှင့် စစ်မှုထမ်းဥပဒေ၏ အကျိုးဆက်များသည် မွန်ဒေသအတွင်း လူမှုဘဝတည်ငြိမ်မှုကို ဆက်လက်ဖိအားပေးလျက်ရှိသည်။ သို့သော်လည်း မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ၏ မိခင်ဘာသာ စကားအခြေပြု ပညာရေးစနစ်နှင့် ဒေသခံအဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ဒေသခံလူထု၏ ယုံကြည်မှုကို တဖြည်းဖြည်း ရရှိလာသည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply