နိဒါန်း
အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် ငြိမ်းချမ်းရေးလှုပ်ရှားမှုများသည် ရက် (၁၀၀) စီမံကိန်းအတွင်း သိသိသာသာ တက်ကြွလာသည်။ အထူးသဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များနှင့်သာမက (NCA) ပြင်ပရှိ အင်အားကြီး (EAO) အဖွဲ့များနှင့်ပါ သီးခြားတွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာသည်။ ယင်းအခြေအနေသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်လည်အသက်ဝင်လာခြင်းလား (သို့မဟုတ်) စစ်အုပ်စု၏ နိုင်ငံရေးနှင့် လုံခြုံရေးစီမံခန့်ခွဲမှုပုံစံသို့ ပြောင်းလဲလာခြင်းလား ဆိုသည့် မေးခွန်းကို ဖြစ်ပေါ်စေသည်။
ငြိမ်းချမ်းရေးဆွေးနွေးမှု ကျယ်ပြန့်လာခြင်းနှင့် NSPNC ၏ ခြေလှမ်းသစ်
(၂၀၂၆) ခုနှစ်၊ ဇွန်လမှ ယ္ခုဩဂုတ်လအစပိုင်းအထိ (NSPNC) သည် နေပြည်တော်တွင် တစ်ဖွဲ့ချင်း အလိုက် အနည်းဆုံး EAO (၉) ဖွဲ့နှင့် ဆက်တိုက်တွေ့ဆုံခဲ့သည်။ ထို့အပြင် (NCA) လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ 7 EAO Alliance (NCA-S EAO) နှင့်လည်း အလွတ်သဘောတွေ့ဆုံမှုများ ရှိခဲ့ပါသည်။ ဇွန်လ (၄) ရက်နေ့တွင် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့ (SNUC/SNA) နှင့် တွေ့ဆုံခဲ့ပြီး၊[1] ဇွန်လ (၁၂) ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် တွေ့ဆုံခဲ့သည်။[2]
ဇူလိုင်လတွင်လည်း မွန်ပြည်သစ်ပါတီ (NMSP)၊[3] ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊[4] ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊[5] ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊[6] လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊[7] ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့်[8] နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) တို့နှင့် အစဉ်လိုက်တွေ့ဆုံခဲ့သည်။[9] ဩဂုတ်လ (၃) ရက်နှင့် (၄) ရက်နေ့တို့တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့်[10] ထပ်မံ၍ နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ပြီး (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။
ယင်းဖြစ်စဉ်များက (NSPNC) ၏ ဆက်ဆံရေးနယ်ပယ်သည် (NCA) အဖွဲ့များနှင့်သာ ကန့်သတ်မနေ တော့ဘဲ (NCA) ပြင်ပရှိ (EAO) အဖွဲ့များအထိ ကျယ်ပြန့်လာကြောင်း ဖော်ပြနေသည်။ အထူးသဖြင့် (NCA) လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့များနှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်လာခြင်းသည် စစ်အုပ်စု၏ လက်ရှိငြိမ်းချမ်းရေးမဟာဗျူဟာတွင် (NCA) တစ်ခုတည်းကိုသာ အခြေခံသည့် ဆက်ဆံရေးမူဘောင်အဖြစ် အသုံးမပြုတော့သည့် လက္ခဏာဖြစ်သည်။
သို့သော် ယင်းကို (NCA) လုံးဝအရေးမပါတော့ခြင်းဟု မဆိုနိုင်ပေ။ အခြားတစ်ဖက်တွင်လည်း (NSPNC) သည် ဇူလိုင်လ (၂၀) ရက်နှင့် (၂၁) ရက်တို့တွင် 7 EAO Alliance (NCA-S EAOs) အစုအဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။[11]
ထို့ကြောင့် စစ်အုပ်စု၏ လက်ရှိငြိမ်းချမ်းရေးချဉ်းကပ်ပုံသည် (NCA) ကို ဆက်လက်ထိန်းထားခြင်းနှင့် (NCA) ပြင်ပအဖွဲ့များနှင့် တစ်ဖွဲ့ချင်းဆက်ဆံရေး ချဲ့ထွင်ခြင်းတို့ကို တစ်ပြိုင်နက်လုပ်ဆောင်သည့် နည်းဗျူဟာကို ကျင့်သုံးနေသည်။ ယင်းသည် (၂၀၂၆) ခုနှစ် ငြိမ်းချမ်းရေးလှုပ်ရှားမှု၏ အရေးကြီးသည့် အပြောင်းအလဲတစ်ခုဖြစ်သည်။
NCA မူဘောင်မှ Bilateral Engagement သို့ ရွေ့လျားလာခြင်း
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် (NCA) သည် ယခင်က နိုင်ငံရေးဆွေးနွေးမှုများအတွက် အဓိက မူဘောင်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲအလွန် တွေ့ဆုံမှုများကို ကြည့်လျှင် (NCA) ကို ဗဟိုပြုထားသည့် စုပေါင်းဆွေးနွေးရေးပုံစံထက် အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် သီးခြားဆွေးနွေးသည့်ပုံစံက ပိုမိုထင်ရှားလာသည်။
အဆိုပါပုံစံသည် စစ်အုပ်စုအတွက် အားသာချက်အချို့ရှိနိုင်သည်။ (NSPNC) နှင့် တွေ့ဆုံခဲ့သည့် (EAO) တစ်ဖွဲ့စီတွင် နိုင်ငံရေးရည်မှန်းချက်၊ စစ်ရေးအင်အား၊ နယ်မြေထိန်းချုပ်မှု၊ မဟာမိတ်ဆက်ဆံရေးနှင့် ဒေသဆိုင်ရာအကျိုးစီးပွားများ စသည့် နိုင်ငံရေးနောက်ခံနှင့် ရပ်တည်ချက်များ မတူညီကြခြင်းသည် လက်ရှိငြိမ်းချမ်းရေးလှုပ်ရှားမှုအတွင်း သတိပြုရမည့်အချက်ပင် ဖြစ်သည်။ အားလုံးကို မူဘောင်တစ်ခု တည်းအောက်တွင် ဆွေးနွေးခြင်းထက် တစ်ဖွဲ့ချင်းအလိုက် ဆက်ဆံခြင်းက မတူညီသည့် အကျိုးစီးပွား နှင့် လိုအပ်ချက်များကို သီးခြားကိုင်တွယ်နိုင်စေသည်။
တစ်ဖွဲ့ချင်းဆွေးနွေးမှုသည် ပဋိပက္ခအချို့ကို ယာယီလျှော့ချနိုင်သော်လည်း မြန်မာနိုင်ငံ၏ အခြေခံ နိုင်ငံရေးပြဿနာများဖြစ်သည့် အာဏာခွဲဝေမှု၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် လုံခြုံရေးဆိုင်ရာ အာမခံချက်များကို စုပေါင်းဖြေရှင်းနိုင်မည့် နိုင်ငံရေးမူဘောင်တစ်ရပ်ကို အလိုအလျောက် ဖန်တီးပေးနိုင်ခြင်း မရှိပေ။
ထို့ကြောင့် လက်ရှိတွေ့ဆုံမှုများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ရှင်သန်လာခြင်းဟု သတ်မှတ်ရန်ထက် စစ်အုပ်စုနှင့် (EAO) အဖွဲ့များအကြား ဆက်ဆံရေးပုံစံ ပြန်လည်တည်ဆောက်နေခြင်း ဟု သတ်မှတ်ခြင်းက ပိုမိုသင့်လျော်သည်။
တွေ့ဆုံခြင်းနှင့် နိုင်ငံရေးသဘောတူခြင်းကို ခွဲခြားကြည့်ရန်လို
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သုံးသပ်ရာတွင် အထူးသတိပြုရမည့်အချက်တစ်ခုမှာ “တွေ့ဆုံခြင်း” နှင့် “သဘောတူခြင်း” တို့ကို တူညီသော နိုင်ငံရေးအဓိပ္ပာယ်အဖြစ် မယူဆသင့်ခြင်း ဖြစ်သည်။ မွန်ပြည်သစ်ပါတီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ (NSPNC) နှင့် တွေ့ဆုံခဲ့ခြင်းသည် အဆိုပါအဖွဲ့များက စစ်အုပ်စု၏ နိုင်ငံရေးလမ်းကြောင်းကို လက်ခံလိုက်သည်ဟု ပြောဆိုရန် ခက်ခဲသည်။ ထို့အတူ စစ်အုပ်စုဘက်က အဖွဲ့တစ်ခုနှင့် တွေ့ဆုံနိုင်ခြင်းသည်လည်း ထိုအဖွဲ့အပေါ် နိုင်ငံရေးသြဇာ တည်ဆောက်နိုင်ပြီဟု မဆိုလိုနိုင်ပေ။
အဖွဲ့အစည်းများအတွက် ဆွေးနွေးပွဲသည် အခြားနည်းလမ်းများဖြင့် မရနိုင်သည့် ဒေသဆိုင်ရာ အန္တရာယ်များလျှော့ချရေး၊ အဖွဲ့အစည်းအကျိုးစီးပွားနှင့် နိုင်ငံရေးရပ်တည်ချက်ကို တိုက်ရိုက်တင်ပြရေးနှင့် ဆက်သွယ်ရေးလမ်းကြောင်း မပိတ်သွားစေရေးတို့အတွက် အသုံးချနိုင်သည့် နိုင်ငံရေးလမ်းကြောင်း တစ်ခုလည်း ဖြစ်နိုင်သည်။ စစ်အုပ်စုနှင့် နိုင်ငံရေးသဘောထား လုံးဝ မတူသည့် အမျိုးသားဒီမိုကရေစီအဖွဲ့(NLD) ကပင် အားလုံးပါဝင်သည့် ဆွေးနွေးရေးလမ်းကြောင်း ဟူသော စကားလုံးကို ထုတ်ဖော်ပြောဆိုလာပြီ ဖြစ်သည်။[12]
သို့ဖြစ်ရာ (EAO) အဖွဲ့တစ်ခုက (NSPNC) နှင့် တွေ့ဆုံခြင်း တစ်ခုတည်းအပေါ် အခြေခံ၍ ၎င်း၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲသွားပြီဟု ကောက်ချက်ချခြင်းသည် မမှန်ကန်နိုင်ပေ။ ယင်းအစား တွေ့ဆုံပြီးနောက် လက်တွေ့မြေပြင်၌ မည်သည့်နိုင်ငံရေး (သို့မဟုတ်) စစ်ရေးပြောင်းလဲမှု ဖြစ်ပေါ်လာသနည်း ဆိုသည့်အချက်ကသာ အဖွဲ့တစ်ခု၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲသွားသည်ကို ဆုံးဖြတ်နိုင်ပါသည်။
ထို့ကြောင့် ဇူလိုင်လ (၂) ရက်နေ့တွင် (NSPNC) နှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံခဲ့ခြင်းကို အကဲဖြတ်ရလျှင် “တွေ့ဆုံသည်၊ မတွေ့ဆုံသည်” ဆိုသည့်အချက်ထက် မည်သည့်အကြောင်းအရာကို ဆွေးနွေးသနည်း၊ မည်သည့်ကတိကဝတ်များ ဖြစ်ပေါ်သနည်း၊ တွေ့ဆုံမှုအပြီး မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးနှင့် လုံခြုံရေးရပ်တည်ချက် မည်သို့ပြောင်းလဲလာသနည်း ဆိုသည့်အချက်များကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။
နိဂုံး
(၂၀၂၆) ခုနှစ်အတွင်း (NSPNC) ၏ ဆက်တိုက်တွေ့ဆုံမှုများသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လှုပ်ရှားမှုအသစ်တစ်ရပ် ပေါ်ပေါက်လာနေကြောင်း ပြသသည်။ အထူးသဖြင့် (NCA) လက်မှတ်ရေးထိုး ထားသည့် အဖွဲ့များနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည့် တစ်ချိန်တည်းတွင် (NCA) ပြင်ပအဖွဲ့များနှင့်ပါ ဆက်ဆံရေးချဲ့ထွင်လာခြင်းသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးချဉ်းကပ်ပုံ ပြောင်းလဲလာမှုကို ဖော်ပြနေသည်။ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး၏ အစဖြစ်နိုင်သော်လည်း တွေ့ဆုံမှုတစ်ခုတည်းက ငြိမ်းချမ်းရေး မဟုတ်ပေ။ ဆွေးနွေးမှုများမှ နိုင်ငံရေးသဘောတူညီချက်၊ အားလုံးလက်ခံနိုင်သည့် နိုင်ငံရေးမူဘောင်နှင့် အကောင်အထည်ဖော်နိုင်သည့် ယန္တရားများဆီသို့ ရွေ့လျားနိုင်မှသာ လက်ရှိခြေလှမ်းများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ရှင်သန်လာခြင်းဟု သတ်မှတ်နိုင်မည်ဖြစ်သည်။
ထိုအဆင့်သို့ မရောက်ရှိသေးသရွေ့ စစ်အုပ်စု၏ ငြိမ်းချမ်းရေးခြေလှမ်းများသည် နိုင်ငံရေးအဖြေရှာမှုထက် ပဋိပက္ခကို အပြီးသတ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အချိန်တွင် ပဋိပက္ခအရှိန်ကို ထိန်းချုပ်ခြင်းနှင့် အခြေအနေ ပိုမိုဆိုးရွားမလာစေရန် နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေကို စီမံခန့်ခွဲရန် ကြိုးပမ်းသည့် နိုင်ငံရေးနည်းဗျူဟာတစ်ရပ်မျှသာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရသည်။
[1] NSPNC, June 4, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-SNA-up.pdf
[2] NSPNC, June 12, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-SSPP-news12-6-26-V1.pdf
[3] NSPNC, July 2, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-NMSP-news2-7-26.pdf
[4] NSPNC, July 6, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-KNU-KNLAPC-news-6-7-26.pdf
[5] NSPNC, July 9, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-DKBA_news-9-7-26.pdf
[6] NSPNC, July 19, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/news
[7] NSPNC, July 24, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-LDU_news-24-7-26.pdf
[8] NSPNC, July 27, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-ALP_news-27-7-26.pdf
[9] NSPNC, July 31, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) (AM) တို့ တွေ့ဆုံဆွေးနွေး။ https://www.nspnc.com/s/NSPNC-NSCNK-news-31-7-26.pdf
[10] NSPNC, August 3, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ တွေ့ဆုံဆွေးနွေး (ပထမနေ့) ။ https://www.nspnc.com/s/NSPNC-UWSPP-news3-8-26-V1.pdf
[11] NSPNC, July 21, 2026: အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-S EAOs) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ။ https://www.nspnc.com/s/21-7-2026-Peace-Process-Review.pdf
[12] National League for Democracy, July 20, 2026: သတင်းထုတ်ပြန်ချက်အမှတ် (၀၄ /၂၀၂၆) ။ https://www.facebook.com/share/p/187t1ovn3G/
