မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံ (ASEAN) ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုပြုမှု (Centrality) ကို စိန်ခေါ်နေသည့် အဓိကပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၁၉ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံတကာတုံ့ပြန်မှုများ၊ အထူးသဖြင့် အာဆီယံနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၏ လှုပ်ရှားမှုများကို လေ့လာကြည့်ပါက မြန်မာ့အရေးသည် အာဆီယံစားပွဲဝိုင်းပေါ်တွင် အရေးပါသော ခေါင်းစဉ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤသုံးသပ်ချက်စာတမ်းတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ စုပေါင်းဆုံးဖြတ်ချက်များ၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် စသည့် အဖွဲ့ဝင်နိုင်ငံများ၏ တစ်သီးပုဂ္ဂလ သဘောထားရပ်တည်ချက်များနှင့် စစ်ကောင်စီ၏ တုံ့ပြန်မှုများကို သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။
အာဆီယံ၏ မူဝါဒရေးရာ ရပ်တည်ချက်နှင့် စိန်ခေါ်မှုများ
အာဆီယံသည် မြန်မာ့အရေးဖြေရှင်းရာတွင် ဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus) ကို အဓိကမူဘောင်အဖြစ် ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ဆုံးဖြတ်ချက်များကို အာဆီယံက ချမှတ်ခဲ့ပါသည်။ ထူးခြားချက်အနေဖြင့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာစစ်ခေါင်းဆောင်အား တက်ရောက်ခွင့်မပေးကြောင်း မလေးရှားဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့ခြင်းသည် အာဆီယံအနေဖြင့် နိုင်ငံရေးအရ ကိုယ်စားပြုခွင့် ပိတ်ပင်ထားသည့် မူဝါဒကို တင်းမာစွာ ဆက်လက်ကျင့်သုံးနေကြောင်း ပြသနေသည်။[1]
ထိုသို့ ဖယ်ကြဉ်ထားမှုအပေါ် အာဏာသိမ်းစစ်အုပ်စုဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က (၄၇) ကြိမ်မြောက် အစည်းအဝေး၌ တုံ့ပြန်ပြောဆိုရာတွင် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေနိုင်ကြောင်း ထောက်ပြခဲ့သည်ကို တွေ့ရပါသည်။[2] သို့သော်လည်း အာဆီယံသည် မြန်မာနိုင်ငံအား နိုင်ငံရေးအဆင့် အစည်းအဝေးများ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါသည်။ ဤအခြေအနေသည် အာဏာသိမ်း မြန်မာ့စစ်အုပ်စုနှင့် အာဆီယံကြား သံတမန်ရေးရာ အားပြိုင်မှု (Diplomatic Tussle) ဆက်လက်မြင့်တက်နေမှုကို မီးမောင်းထိုးပြနေပါသည်။ တစ်ချိန်တည်းမှာပင် တော်လှန်ရေးအင်အားစုများကလည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် အာဆီယံအနေဖြင့် နှုတ်ဆိတ်မနေရန်နှင့် ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့ပါသည်။
ရွေးကောက်ပွဲဆိုင်ရာ အကျပ်အတည်းနှင့် သဘောထားကွဲလွဲမှုများ
လာမည့်ဒီဇင်ဘာလ (၂၈) ရက်မှစ၍ ကျင်းပရန်ရှိသည့် မြန်မာ့စစ်အုပ်စု၏ ရွေးကောက်ပွဲကိစ္စရပ်သည် လတ်တလော အာဆီယံခေါင်းဆောင်များအကြား အကြီးမားဆုံး ဆွေးနွေးငြင်းခုန်ရသည့် ခေါင်းစဉ်တစ်ခု ဖြစ်ပါသည်။ အာဆီယံ၏ တရားဝင်ရပ်တည်ချက်မှာ ရွေးကောက်ပွဲမတိုင်ခင် သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများ (Inclusive National Dialogue) ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း ထုတ်ပြန်ထားပါသည်။[3] ၎င်းသည် ရွေးကောက်ပွဲတစ်ခုတည်းဖြင့် နိုင်ငံရေးအဖြေရှာ၍ မရနိုင်ကြောင်း အာဆီယံ၏ သဘောထားကို ထင်ဟပ်စေပါသည်။
သို့သော် လက်တွေ့မြေပြင် အကောင်အထည်ဖော်မှုအပိုင်းတွင် အာဆီယံအတွင်း သဘောထားကွဲလွဲမှုအချို့ ရှိနေပါသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှားသမ္မတက မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲသို့ အာဆီယံ လေ့လာစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ရန် တိုက်တွန်းခဲ့သော်လည်း၊ အာဆီယံအနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်ရေးအတွက် သဘောတူညီမှုမရရှိခဲ့ပေ။[4] အာဆီယံအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှုအပါအဝင် မြန်မာနိုင်ငံ၏ မကြာသေးမီက တိုးတက်မှုများအားလုံးကို မှတ်တမ်းတင်ထားသည်ဟုသာ (၄၇) ကြိမ်မြောက် အာဆီယံထုတ်ပြန်ချက်တွင် ပါရှိပါသည်။ ဤအချက်သည် အဖွဲ့ဝင်နိုင်ငံများအကြား စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အပေါ် လက်ခံနိုင်စွမ်းနှင့် ချဉ်းကပ်ပုံ ကွာခြားနေမှုကို ဖော်ပြနေပါသည်။
အဖွဲ့ဝင်နိုင်ငံများ၏ တစ်သီးပုဂ္ဂလ သံတမန်ရေးရာ ချဉ်းကပ်မှုများ
မြန်မာ့အရေးနှင့် ပတ်သက်လျှင် အာဆီယံ၏ စုပေါင်းဆုံးဖြတ်ချက်များအပြင် အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားနှင့် ဒေသတွင်းလုံခြုံရေးအမြင်များအပေါ် အခြေခံ၍ မတူညီသော ချဉ်းကပ်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။
ထိုင်းနိုင်ငံ (Thailand) မြန်မာနှင့် နယ််နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သည့်အလျောက် ထိုင်းနိုင်ငံသည် မြန်မာ့အရေးတွင် “အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်ရေး” ကို အဓိကထားသည့် ရပ်တည်ချက် (၄) ရပ်ကို ထုတ်ဖော်ကြေညာခဲ့သည်။[5] ထိုင်းနိုင်ငံသည် ရွေးကောက်ပွဲမတိုင်ခင် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေရန် အလေးအနက် တိုက်တွန်းထားပြီး၊ တည်ငြိမ်မှုကို ဦးစားပေးသည့် ပျော့ပြောင်းသော နည်းလမ်း (Soft Diplomacy) ကို ကျင့်သုံးနေကြောင်း တွေ့ရှိရပါသည်။
ဖိလစ်ပိုင် (Philippines) လာမည့်၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌနေရာကို လွှဲပြောင်းရယူမည့် ဖိလစ်ပိုင်နိုင်ငံသည် မြန်မာ့အရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာဖွယ်ရှိနေပါသည်။ အာဆီယံဥက္ကဋ္ဌသစ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို နိုဝင်ဘာလ (၁၄) ရက်တွင် ခန့်အပ်ခဲ့ပါသည်။[6] လာမည့်ကာလများတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဖိလစ်ပိုင်၏ ဦးဆောင်မှုဖြင့် သံတမန်ရေးရာ ဖိအားပေးမှုများ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။
နိဂုံး (ခြုံငုံသုံးသပ်ခြင်း)
အောက်တိုဘာ ၂၁ မှ နိုဝင်ဘာ ၁၉ ကာလအတွင်း ဖြစ်ရပ်များကို ခြုံငုံသုံးသပ်ရပါက အာဆီယံသည် မြန်မာ့အရေးတွင် “ဖယ်ကြဉ်ထားခြင်း” (Exclusion) နှင့် “ထိတွေ့ဆက်ဆံရန် ကြိုးပမ်းခြင်း” (Engagement) ဟူသော လမ်းကြောင်းနှစ်ခုကြားတွင် ဟန်ချက်ညီရန် ခက်ခဲစွာ ကြိုးစားနေရကြောင်း တွေ့ရှိရပါသည်။
တစ်ဖက်တွင် စစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့် ပိတ်ပင်ခြင်းဖြင့် နိုင်ငံရေးအရ အပြစ်ပေးမှုကို ဆက်လက်လုပ်ဆောင်နေသော်လည်း၊ အခြားတစ်ဖက်တွင် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအကြား ဘုံသဘောထားရရှိရန် ခက်ခဲနေဆဲဖြစ်ပါသည်။ အထူးသဖြင့် ရွေးကောက်ပွဲမတိုင်ခင် “အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ” ဖြစ်ပေါ်ရေးဟူသော အာဆီယံနှင့် ထိုင်းနိုင်ငံ၏ တောင်းဆိုချက်သည် လက်တွေ့မြေပြင်တွင် ဖြစ်နိုင်ချေ နည်းပါးနေဆဲဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ခြင်းသည် အာဆီယံ၏ မြန်မာ့အရေးချဉ်းကပ်မှုတွင် အရှိန်အဟုန်သစ်တစ်ခု ဖြစ်လာနိုင်ပါသည်။ သို့သော် တော်လှန်ရေးအင်အားစုများ၏ တောင်းဆိုချက်ဖြစ်သော စစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရေးအတွက်မူ အာဆီယံ၏ လက်ရှိယန္တရားများသည် ထိရောက်သော အကျိုးသက်ရောက်မှု မရှိသေးကြောင်း သုံးသပ်တင်ပြလိုက်ရသည်။

