စစ်အုပ်ချုပ်ရေးအောက်က  စက်သုံးဆီပြတ်လပ်မှုပြဿနာ

စစ်အုပ်ချုပ်ရေးအောက်က စက်သုံးဆီပြတ်လပ်မှုပြဿနာ

၁။ မွန်ပြည်နယ် စက်သုံးဆီ ဖြန့်ဖြူးရေးကဏ္ဍ အကျပ်အတည်းနှင့် လူမှု-စီးပွား တည်ငြိမ်မှုအပေါ် သက်ရောက်မှု

 စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် မွန်ပြည်နယ်သည် ၎င်း၏ စက်သုံးဆီ ဖြန့်ဖြူးရေးစနစ်ကို ရန်ကုန် (သီလဝါဆိပ်ကမ်း) မှ မုဒုံမြို့နယ်ရှိ Puma International Port Terminal (ရာဇာမင်း ဆိပ်ကမ်း) သို့ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်းခဲ့သည်။[1] ဤစနစ်ပြောင်းလဲမှုသည် ဆီပန့်မလုံလောက်မှု၊ နယ်စပ်ဒေသသို့ တရားမဝင် တင်ပို့မှုများ နှင့်အတူ စီမံခန့်ခွဲမှု အားနည်းချက်များ ကစက်သုံးဆီ ပြတ်လပ်မှုနှင့်ဈေးနှုန်းမြင့်တက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

စစ်ကောင်စီ၏ စွမ်းအင် ဝန်ကြီးဌာနက ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန် ပြောဆိုသော်လည်း မြေပြင်တွင် ထိရောက်သော ကြီးကြပ်မှု လုံးဝမရှိခြင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်များ ပင်လျှင် နှစ်ပတ်ကြာ သည်အထိ အကောင်အထည်မဖော်နိုင်ဘဲ ကြန့်ကြာနေခြင်း[2]တို့က အုပ်ချုပ်ရေးစွမ်းဆောင်ရည် သိသိ သာသာ ကျဆင်းနေမှုကို မီးမောင်းထိုးပြနေသည်။

လူမှု-စီးပွားဆိုင်ရာ ရှုထောင့်မှ လေ့လာပါက၊ ဤအကျပ်အတည်းသည် ဒေသခံပြည်သူတို့၏ ဘဝကို အလွန်အမင်း ထိခိုက်စေခဲ့သည်။ စက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ကျော်အထိ[3] မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးအပါအဝင် ဒေသတွင်း စီးပွားရေး၏ လည်ပတ်မှုကုန်ကျစရိတ်များကို အဆမတန် မြင့်မားနေကြောင်း ဒေသသတင်းအရင်း အမြစ်မှ တဆင့်သိရှိရသည်။ ဆီပြတ်လပ်မှုနှင့် ရောင်းချမှု အကန့်အသတ်များ မကြာခဏဖြစ်နေသော ကြောင့်ဆီတန်းစီရန်အတွက် အချိန်ကုန်ခြင်းကလည်း ဝင်ငွေရှာဖွေချိန်ကို ထိခိုက်စေပါသည်။ မော်တော် ယာဉ်နှင့် ဆိုင်ကယ်အသုံးပြုသော ဝန်ဆောင်မှုလုပ်ငန်းများ (ဥပမာ-Taxi)အပြင် စက်သုံးဆီသုံး စက်ယန္တရားများ လိုအပ်သောလုပ်ငန်းများပါ ဆက်လက်လည်ပတ်ရန် ခက်ခဲလာသည်။ ထိုအခြေအနေ များကြောင့် ဒေသခံ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ်  ကြီးမားသော လူမှု-စီးပွားဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ပြည်သူများသည် ဆီရရှိရန်အတွက် ၄ ရက်ခန့်အထိ တန်းစီစောင့်ဆိုင်းရခြင်း[4]က ဝင်ငွေရှာဖွေချိန်ကို ထိခိုက်စေခြင်း၊ လူမှုရေးတင်းမာမှုများ တိုးပွားလာခြင်း စသည့် လူမှုရေးအရ ဆိုးကျိုးများကို ဖြစ်ပေါ်စေခဲ့သည်။

နိဂုံးချုပ်အားဖြင့်၊ မွန်ပြည်နယ်၏ စက်သုံးဆီပြဿနာသည် မူဝါဒနှင့် လက်တွေ့အကောင်အထည် ဖော်မှုအကြား ကွာဟချက်များစွာ ရှိနေသည်ကို ဖော်ပြနေပြီး၊ အုပ်ချုပ်ရေးယန္တရား၏ ထိရောက်မှု မရှိခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များသည် ဒေသခံပြည်သူတို့၏ စီးပွားရေးလုံခြုံရေးနှင့် နေ့စဉ်တည်ငြိမ်မှုကို တိုက်ရိုက်ထိပါးနေသည့်[5] အဓိက အကြောင်းအရင်းဖြစ်ကြောင်း တွေ့ရှိရသည်။

 

၂။ စပါးသယ်ယူမှု ကန့်သတ်ချက်ကြောင့် စိုက်ပျိုးရေးကဏ္ဍ အရှုံးပေါ်မှု

မွန်ပြည်နယ်၏ အဓိကထွက်ကုန်ဖြစ်သော မိုးစပါးသည် ဈေးနှုန်းမရရှိခြင်းကြောင့် တောင်သူများ အဆ မတန် အရှုံးပေါ်နေခြင်းမှာ အဓိက အကျပ်အတည်းဖြစ်လာသည်။

  • အကျပ်အတည်း၏ အကြောင်းရင်း

စစ်ကော်မရှင် လက်အောက်ခံများက မြို့နယ်ကျော် စပါးသယ်ယူပို့ဆောင်မှုအပေါ် ကန့်သတ် ခြင်း၊ ဖမ်းဆီးခြင်းနှင့် အဆမတန် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခြင်းကြောင့် စပါးဝယ်ယူသူ ကုန်သည်များသည် သယ်ယူပို့ဆောင်ရေးစရိတ်နှင့် စပါးဈေးနှုန်း မကိုက်ညီတော့ဘဲ ဝယ်ယူမှု များ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

  • တောင်သူများ ရင်ဆိုင်ရသော စီးပွားရေးဖိအားများ

ဝယ်ယူမှု ရပ်ဆိုင်းသွားခြင်းကြောင့် တောင်သူများသည် ထွက်ရှိလာသော စပါးများကို ပုံထား ရခြင်း၊ ရိတ်သိမ်းခနှင့် အခြားကုန်ကျစရိတ်များအတွက်ပင် စပါးမရောင်းရဘဲ အတိုးပမာဏ ကြီးမြင့်စွာဖြင့် ငွေချေးငှားနေရခြင်း စသည့် စီးပွားရေးဖိအားများကို ရင်ဆိုင် နေရသည်။[6]

  • မူဝါဒနှင့် လက်တွေ့ ကွာဟချက်

စစ်ကော်မရှင် ခေါင်းဆောင်က စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်း နိမ့်ကျမှုကြောင့် နိုင်ငံအတွက် ဒေါ်လာ ၈ ဘီလီယံ ဆုံးရှုံးသည်ဟု တောင်သူများကို အပြစ်ဖို့ ပြောဆိုခဲ့သော်လည်း၊[7] မြေပြင် တွင် ၎င်းတို့၏ လက်အောက်ခံများ၏ စည်းကမ်းမဲ့ လုပ်ဆောင်ချက်များကြောင့် တောင်သူများ ရောင်းချ ရန်ပင် အခက်တွေ့နေသည်ကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးသည်မှာ အုပ်ချုပ်ရေးဆိုင် ရာ ချို့ယွင်း ချက်ကို မီးမောင်းထိုးပြနေသည်။

စပါးသယ်ယူမှု ကန့်သတ်ချက်များကြောင့် ကုန်သွယ်မှုလမ်းကြောင်းများ ပိတ်ဆို့နေသည့်အပြင်၊ စက်သုံးဆီ ပြတ်လပ်မှုကြောင့် သယ်ယူပို့ဆောင်ရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများ၏ လည်ပတ်မှု စရိတ်ကို ထပ်ဆင့် မြင့်မားစေခဲ့ပြီး စပါးစီးပွားရေး လုပ်ငန်းစဉ်များကို ပိုမိုထိခိုက်စေခဲ့သည်။ စပါး ဈေးနှုန်း၊ စက်သုံးဆီ ပြဿနာများအပြင် ကျေးလက်ဒေသများ၏ တည်ငြိမ်မှုမှာလည်း စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရသည်။

  • လုံခြုံရေး မတည်ငြိမ်မှု

သတင်းရင်းမြစ်များအရ ကျိုက်မရောဒေသတွင် စစ်ကော်မရှင် စစ်ကြောင်းများက ကျေးရွာများ ကို ဝင်ရောက်မွှေနှောက်နေခြင်းကြောင့် ဒေသခံများအကြား စိုးရိမ်ပူပန်မှုနှင့် လုံခြုံရေး မတည် ငြိမ်မှုများ ဖြစ်ပေါ်နေသည်။[8]

  • စီးပွားရေး လုပ်ငန်းအပေါ် သက်ရောက်မှု

ဤအခြေအနေသည် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန်နှင့် တောင်သူများ ၎င်းတို့၏ စိုက်ပျိုး ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် လုံခြုံရေးဆိုင်ရာအခက်အခဲများကို ပိုမိုစိုးရိမ်စေသည်။

အထက်ပါအခြေအနေများကို ခြုံငုံသုံးသပ်ရပါက၊ မွန်ပြည်နယ်သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီ၏ စီမံခန့်ခွဲမှုဆိုင်ရာ ချို့ယွင်းချက်များ (စပါးသယ်ယူမှု ကန့်သတ်ခြင်း)၊ အခြေခံလိုအပ် ချက် ပြတ်လပ်မှု (စက်သုံးဆီ) နှင့် လုံခြုံရေး စိုးရိမ်ပူပန်မှု စသည့် စိန်ခေါ်မှုများကို တစ်ပြိုင်နက်တည်း ပြည်သူလူထုများက ခံစားနေရသည့်အတွက် စိုက်ပျိုးရေးအခြေခံ စီးပွားရေးလုံခြုံမှုနှင့် ဒေသခံပြည်သူ တို့၏ နေ့စဉ်ဘဝတည်ငြိမ်မှုအခန်းခဏ္ဍမှာ အကျပ်အတည်းစိုက်နေသည့် အနေအထားကို ရောက်ရှိနေ ကြောင်း သိသာထင်ရှားစွာ ဖော်ပြနေပါသည်။

 

၃။ စစ်အုပ်ချုပ်မှုကာလတွင် အင်တာနက်အခြေအနေ တဖြည်းဖြည်း ပိုမိုဆိုးရွားလာခြင်း[9]

 မွန်ပြည်နယ်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှစ၍ ကြုံတွေ့နေရသော အင်တာနက်လိုင်းများ သိသိသာသာ နှေးကွေးခြင်းနှင့် ပြတ်တောက်ခြင်း ပြဿနာသည် ဒေသတွင်း ဒစ်ဂျစ်တယ်စနစ်ကို အားကိုးနေရသော စီးပွားရေးနှင့် ပညာရေးကဏ္ဍများအပေါ် သိသာထင်ရှားသည့် ဆိုးကျိုးများကို သက်ရောက်စေပါသည်။

က။ ဒစ်ဂျစ်တယ်စီးပွားရေးအပေါ် သက်ရောက်မှု တိုက်ရိုက်ရောင်းအား ကျဆင်းခြင်းနှင့်လုပ်ငန်း ရပ်ဆိုင်းခြင်း

  • အွန်လိုင်းမှ စျေးရောင်းချသူများသည် Live Sale များ လွှင့်တင်ရန် ခက်ခဲခြင်း၊ ဝယ်ယူသူများ၏ မက်ဆေ့ခ်ျများ (အသံ/ပုံများ)ကို လက်ခံကြည့်ရှုရန် မရရှိခြင်းတို့ကြောင့် အရောင်းအဝယ် အဆက်ပြတ်ကာ ရောင်းအား ကျဆင်းခြင်း၊ အမြတ်အစွန်း လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေ သည်။ လုပ်ငန်းများ ယာယီရပ်နားထားရသည့် အခြေအနေများပင် ရှိနေသည်။
  • ညဘက်တွင်ပင် VPN ချိတ်ဆက်၍ မရလောက်အောင် လိုင်းအားနည်းခြင်းကြောင့် Facebook နှင့် Business Suite ကဲ့သို့သော အဓိကလုပ်ငန်းသုံး ကိရိယာများကို အသုံးပြုနိုင်ခြင်း မရှိတော့ ပေ။
  • ရွေးချယ်စရာ လမ်းစပျောက်ဆုံးခြင်း: အဓိက အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီကြီး များ (MBT, U9FTTH, Myanmar Net, Mytel, 5BB စသည်) အားလုံး၏ လိုင်းများ ပြတ်တောက်နေခြင်းက စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြားသော ဝန်ဆောင်မှုတစ်ခုသို့ ပြောင်းလဲ အားကိုးရန် လုံးဝမဖြစ်နိုင်သည့် အခြေအနေကို ဖန်တီးနေသည်။

 

ခ။ ဒစ်ဂျစ်တယ်ပညာရေးအပေါ် သက်ရောက်မှုအွန်လိုင်းသင်ကြားရေး ထိခိုက်ပျက်ယွင်းခြင်း:

  • အင်တာနက်ပြတ်တောက်မှုသည် အွန်လိုင်းမှ သင်တန်းဖွင့်လှစ်သူများနှင့် တက်ရောက်သူများ၏ လုပ်ငန်းနှင့် ပညာရေးကို လုံးဝ ရပ်တန့်စေခဲ့သည်။
  • သင်ကြားရေးအတွက် မရှိမဖြစ်လိုအပ်သည့် Google Workspace Tools များ၊ Zoom Join ပြုလုပ်ခြင်းများအတွက်ပင် လိုင်းအားကောင်းရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း သို့မဟုတ် လုံးဝမရရှိခြင်းတို့ကြောင့် ပညာသင်ကြားရေး ရလဒ်များ ထိခိုက်ကာ အချိန်နှင့် အရင်းအမြစ်များ ဆုံးရှုံးစေသည်။

စစ်အုပ်ချုပ်မှုကာလတွင် အင်တာနက်အခြေအနေ ဆိုးရွားလာခြင်းသည် ကေဘယ်လ် ပြတ်တောက် ခြင်းကဲ့သို့သော ယာယီနည်းပညာ ပြဿနာသက်သက်မဟုတ်ဘဲ၊ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒနှင့် နည်းပညာ ရင်းနှီးမြှုပ်နှံမှု အားနည်းချက်များကြောင့် ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာ တစ်ရပ် ဖြစ်နိုင်သည်။ ဤအခြေအနေသည် မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး၏ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေး တိုးတက်မှုကို ရေရှည်တွင် အကြီးအကျယ် ထိခိုက်စေပြီး မြန်မာပြည်သည် အိမ်နီးချင်းနိုင်ငံများထက် နည်းပညာပိုင်းဆိုင်ရာ နောက်ကျကျန်နေခြင်းကို ဖော်ပြနေပါသည်။

[1] လွတ်လပ်သောမွန်သတင်းအေဂျင်စီ,               11-နိုဝင်ဘာလ-25,     စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော, Link

[2] Dawei Watch            12-Nov-25                 မွန်တွင် စက်သုံးဆီတစ်လီတာ ကျပ် ၅၀၀၀ ကျော်အထိ ဝယ်နေရ, Link

[3] လွတ်လပ်သောမွန်သတင်းအေဂျင်စီ,               11-နိုဝင်ဘာလ-25,     စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းချပါက အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော, Link

[4]။ လွတ်လပ်သောမွန်သတင်းအေဂျင်စီ,3-နိုဝင်ဘာလ-25, မုဒုံဆိပ်ကမ်းဘက် စက်သုံးဆီပြောင်းလဲတင်သွင်းပြီးနောက်  ဆီပြတ်လပ်မှုဖြစ်လာ, Link

 

[5] သံလွင်တိုင်းမ်, 10-Nov-25, မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်လပ်မှု ပိုဆိုးလာ, link

[6]/7 သံလွင်တိုင်းမ်          24-Nov-25                 မွန်ပြည်နယ်မှာ စပါးသယ်မှု ကန့်သတ်ချက်ကြောင့် တောင်သူတွေ ဝယ်လက်ပျောက်, Link

[8] သံလွင်တိုင်းမ်      8-Nov-25           မွန်ပြည်နယ်မှာ မိုးစပါးဈေးမရရှိလို့ တောင်သူတွေ အဆမတန်အရှုံးပေါ်နေ, Link

[9] လွတ်လပ်သောမွန်သတင်းအေဂျင်စီ                11-Nov-25                 အိမ်သုံး Wifi အင်တာနက်လိုင်းနှေးကွေးမှုကြောင့် အွန်လိုင်းလုပ်ငန်းနှင့် သင်တန်းတက်ရောက်သူများအခက်ကြုံနေ, Link

Comments

No comments yet. Why don’t you start the discussion?

Leave a Reply