စစ်ရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဒီဇင်ဘာလ ၁၅ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
နိဒါန်း
လက်ရှိမွန်ပြည်နယ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ဆိုပါက တိုက်ပွဲဖြစ်ပွါးမှု ငြိမ်သက်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော်လည်း ရေးမြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွါးမှုများ ဆက်ရှိနေသည်ကို တွေ့ရပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။ ဤသုံးသပ်ချက်စာတမ်းသည် သတ်မှတ်ကာလအတွင်း ရေးမြို့နယ်နှင့်ပတ်သက်သော စစ်ရေးဖြစ်စဉ်များနှင့် ဖြစ်တန်ချေအလားအလာများကို စုစည်းဖော်ပြထားပါသည်။
မွန်ပြည််နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခဲ့သော နေ့ရက်၊ မြို့နယ်နှင့် တိုက်ပွဲအကြိမ်ရေပြဇယား
|
စဉ် |
လ | နေ့ရက် | မြို့နယ် | ကျေးရွာ | အကြိမ်ရေ |
အဖွဲ့ |
|
၁ |
နိုဝင်ဘာလ | ၁၄ | ရေးမြို့နယ် | ရွာကလေးနှင့် ဝယ်ဟိုင်းကြား | ၁ ကြိမ် | ရေးဘီလူး |
| ၂ | နိုဝင်ဘာလ | ၁၅ | ရေးမြို့နယ် | လိပ္ပုတ်ရွာ | ၁ ကြိမ် | ရေးဘီလူး |
| ၃ | နိုဝင်ဘာလ | ၂၅ | ရေးမြို့နယ် | ဘရောင်းရွာ | ၂ ကြိမ် | တပင်ရွှေထီး |
| ၄ | နိုဝင်ဘာလ | ၂၇ | ရေးမြို့နယ် | ဘဲလမုရွာ | ၁ ကြိမ် | တပင်ရွှေထီး |
| ၅ | ဒီဇင်ဘာလ | ၂ | ရေးမြို့နယ် | သူတော်ရွာ | ၁ ကြိမ် | |
| ၆ | ဒီဇင်ဘာလ | ၅ | သံဖြူဇရပ်မြို့နယ် | ကလိုင်ပဒေါရွာ | ၁ ကြိမ် | ရာမညမွန်တပ်တော် |
| ၇ | ဒီဇင်ဘာလ | ၇ | ရေးမြို့နယ် | အာယုတောင်ရွာ | ၁ ကြိမ် | ရေးဘီလူး |
| စုစုပေါင်းအကြိမ်ရေ | ၈ ကြိမ် |
|
||||
တိုက်ပွဲများဆက်ရှိနေသော ရေး
လက်ရှိမွန်ပြည်နယ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ဆိုပါက တိုက်ပွဲဖြစ်ပွါးမှု ငြိမ်သက်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော်လည်း ရေးမြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွါးမှုများ ဆက်ရှိနေသည်ကို တွေ့ရပါသည်။ အပတ်စဥ်စစ်ရေးသုံးသပ်ချက်၏ အချိန်သတ်မှတ်ချက် နိုဝင်ဘာလ (၁၄) ရက်မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အတွင်း ရေးမြို့နယ်တစ်ခုတည်း၌ တိုက်ပွဲ (၇) ကြိမ်အထိ ဖြစ်ပွါးခဲ့ပြီး အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ် (၁) ကြိမ်[1] ရှိခဲ့ပါသည်။ ထို့အပြင် သံဖြူဇရပ်မြို့နယ်၊ ရာမညမွန်တပ်တော် (NMSP-AD/RMA) နှင့် အာဏာသိမ်း စစ်တပ်တို့၏ နှစ်ဖက်ရင်ဆိုင် ထိတွေ့ခဲ့သော တိုက်ပွဲ (၁) ကြိမ်ရှိခဲ့ရာ[2] မွန်ပြည်နယ်တွင် စုစုပေါင်း တိုက်ပွဲဖြစ်ပွါးမှု (၈) ကြိမ် ရှိခဲ့ပါသည်။
ရေးမြို့နယ်တိုက်ပွဲဖြစ်ပွါးမှုကို ဆန်းစစ်ကြည့်ပါက ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။ အတိအကျဆိုရလျှင် ရေးမြို့နယ်မြောက်ဘက်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်၊ (KNU) ၏ ဘဲလမုကျေးနယ်ဖြစ်သော ဘဲလမု၊ ဘရောင်းနှင့်[3] သူတော်ရွာတို့တွင်[4] တိုက်ပွဲ (၄) ကြိမ်နှင့် လိပ္ပုတ်ကျေးနယ်ဖြစ်သော လိပ္ပုတ်နှင့် ရွာကလေးရွာအနီးတို့တွင် တိုက်ပွဲ (၂) ကြိမ် ဖြစ်ပွါးခဲ့ပါသည်။
စစ်ကြောင်းထိုးရာတွင် ဘဲလမုကျေးနယ်ကို စစ်အုပ်စု၏ မော့ကနင်အခြေစိုက် ခလရ (၁၀၆) နှင့် ခမရ (၅၈၈) တပ်ရင်းတို့မှလည်းကောင်း၊ လိပ္ပုတ်ကျေးနယ်ကို အာယုတောင်အခြေစိုက် ခမရ (၃၄၃) နှင့် ခမရ (၅၈၇) တပ်ရင်းတို့မှလည်းကောင်း ပူးပေါင်းအင်အားများဖြင့် စစ်ကြောင်းထိုးခဲ့ပါသည်။ အာယုတောင်-ရွာကလေးလမ်းမှတဆင့် လိပ္ပုတ်အထိ စစ်ကြောင်းထိုး နယ်ချဲ့ခဲ့ပြီး ရေးဘီလူးတပ်ရင်းနှင့် (၂) ရက်ဆက် တိုက်ပွဲဖြစ်ပွါးခဲ့သည်ကို တွေ့ရပါသည်။ နိုဝင်ဘာလ (၁၄) ရက် ရွာကလေးနှင့် ဝယ်ရဟိုင်းရွာကြား၊[5] နိုဝင်ဘာလ (၁၅) ရက် လိပ္ပုတ်ရွာတွင် အသီးသီးတိုက်ပွဲဖြစ်ပွါးခဲ့ပါသည်။ လိပ္ပုတ််ရွာတိုက်ပွဲတွင် ဒေသခံလူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာတွင်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။[6]
“လက်ရှိမှာတော့ ရွာမှာပြန်နေကြကုန်ပြီ။ ဒါပေမဲ့ သူတို့ (စစ်တပ်) က ဒီကျောင်းရွာ-လိပ္ပုတ်လမ်းမှာ ရှိနေမလား။ ရှိလဲရှိနေနိုင်တယ်လေ။ အဲလိုစိုးရိမ်မှုတော့ ရှိတယ်။”
ဟု ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာန (RICE) မှ ဆက်သွယ်မေးမြန်းထားသော ဒေသခံတစ်ဦးက ဖြေကြားထားပါသည်။ တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ရသော လိပ္ပုတ်ရွာဒေသခံများသည် တိုက်ပွဲဖြစ်ပွါးပြီး (၂) ရက်အကြာ နိုဝင်ဘာလ (၁၇) ရက်နေ့မှစ၍ နေရပ်တွင်း ပြန်လည်နေထိုင်ကြပြီဖြစ်ပါသည်။ မင်းလှဟုလည်း ခေါ်သည့် လိပ္ပုတ်ရွာသည် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ကျောင်းရွာနှင့် (၄.၉) မိုင်ခန့် ကွာဝေးပါသည်။ ကျောင်းရွာ-လိပ္ပုတ်ရွာချင်းဆက်လမ်း၌ ကျောင်းရွာအခြေစိုက် ခမရ (၅၉၁) နှင့် ခမရ (၅၈၃) တပ်ရင်း၊ တပ်ဖွဲ့တို့မှ တပ်ဖျောက်လှုပ်ရှားနေသည့် ပြောဆိုချက်များကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်နေကြပါသည်။
ယင်းအပြင် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ရေးမြို့နယ် အာယုတောင်အုပ်ချုပ်ရေးမှူးတဖြစ်၊ အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သော ဦးလင်းဦးကို ရေးဘီလူးတပ်ရင်းက အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ ဤတိုက်ခိုက်မှုကြောင့် ဦးလင်းဦး ခြေထောက်ဒဏ်ရာရရှိခဲ့ကာ အာယုတောင်ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၄) ဦးခန့် သေဆုံးခဲ့သည်ဟု ရေးဘီလူးတပ်ရင်းခေါင်းဆောင်ဆိုသူက ၎င်းတို့၏ လူမှုကွန််ရက်စာမျက်နှာတွင် ပြောဆိုထားပါသည်။[7] အုပ်ချုပ်ရေးမှူးရုံးအတွင်း အစည်းအဝေးပြုလုပ်စဉ် ပြည်သူ့စစ် (၁၅) ဦးခန့် ရှိသည်ဟုလည်း ပြောဆိုထားပါသည်။ အာယုတောင်အုပ်ချုပ်ရေးမှူးရုံးသည် အာယုတောင်ရွာလယ်လမ်းဆုံတွင် တည်ရှိပြီး ကွန်ကရစ်ဘန်ကာများနှင့် အခိုင်အမာ ဆောက်လုပ်ထားကာ နေ့/ညမပြတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရှိနေတတ်သည့် ရုံးတစ်ခုဖြစ်ပါသည်။
ဖြစ်တန်ချေအလားအလာ
ရာမညအင််စတီကျု နိုင်ငံရေးသုတေသနဌာန (RICE) ၏ စုစည်းရရှိထားသည့် သတင်းအချက်အလက်များအရ အာဏာသိမ်းစစ်တပ်သည် ရေးမြို့နယ်ရှိ ဘရောင်း-ဘဲလမု-သူတော်ရွာသို့လည်းကောင်း၊ ကနင်ကမော့-အောင်သာယာ-လိမ္မော်ခြံသို့လည်းကောင်း၊ အာယုတောင်-ရွာသစ်-ရွာကလေး-ဝယ်ရဟိုင်း-လိပ္ပုတ်သို့လည်းကောင်း၊ အာယုတောင်-စာကလယ်-တောင်ဘုံ-ပိုင်ဝမ်းသို့လည်းကောင်း[8] စသည်ဖြင့် လှည့်လည်စစ်ကြောင်းထိုးနေသည်ကို တွေ့ရပါသည်။ ဤသို့စစ်ကြောင်းထိုးရာ၌ အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များသည် ဒေသခံအရပ်သားများကို ဖမ်းဆီးပေါ်တာဆွဲလေ့ရှိပါသည်။
“ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီး ရှေ့ကာကင်း၊ တိုက်ကင်း လှုပ်ရှားနေတယ်”
ဟု ရွေးကောက်ပွဲကြောင့် ရှေ့ကာကင်း၊ တိုက်ကင်းလှုပ်ရှားသည့်ပုံစံဖြင့် အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးနေကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောဆိုထားပါသည်။[9] ရေးမြို့နယ်သည် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်နေပြီး လာမည့်နှစ်သစ်၊ ဇန်နဝါရီလ (၁၁) ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပါသည်။ ထို့ကြောင့် ရေးမြို့နယ်၏ လုံခြုံရေးစိတ်ချရမှုကို ပြသရန် စစ်အုပ်စုက စစ်ကြောင်းထိုးပြနေသည်ဟု ကောက်ချက်ချနိုင်ပါသည်။
အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်အရ ရေးမြို့နယ်တွင် ကျေးရွာအုပ်စု (၃၀) အနက် (၂၃) ခု၌ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ကြောင်း ထုတ်ပြန်ထားပါသည်။ စစ်အုပ်စု၏ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းနှင့် အမြောက်တပ်များ အခြေစိုက်ရာ ကျေးရွာအုပ်စု (၇) ခုဖြစ်သော ကလော့၊ ကုလားကုတ်၊ ကိုးမိုင်၊ ကျောင်းရွာ၊ တူးမြောင်းနှင့် အာယုတောင်တို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အဓိပ္ပါယ်ရပါသည်။ သို့တိုင်အောင် လုံခြုံရေး (လုံးဝ) အားကောင်းသည့် နေရာများ မဟုတ်ပေ။
“တစ်နှစ်အတွင်း ကျွန်တော်တို့ရဲ့ စစ်ကစားနယ်မြေတွေဟာ ကျောင်းရွာရှိမယ်။ တူးမြောင်းရှိမယ်။ ရေးမြို့နယ်တခွင်မှာဆိုလျှင် အာယုတောင်ရှိမယ်။ နှင်းစုံရှိမယ်။ တစ်နှစ်အတွင်း ကျွန်တော်တို့ စစ်ကစားမယ်လို့ ဆုံးဖြတ်ထားတဲ့နယ်မြေတွေဖြစ်တယ်။”
ဟူ၍ ရေးဘီလူးတပ်ရင်းခေါင်းဆောင် ပြောဆိုချက်အတွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲကျင်းပမည့် အနည်းဆုံး ကျေးရွာအုပ်စု (၃) ခု ပါဝင်နေပြီး စစ်အုပ်စုမှလည်း အပူတပြင်းစစ်ကြောင်းထိုးရာ ဒေသများလည်းဖြစ်သည်ကို တွေ့ရပါသည်။ ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နည်းဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ကလည်း ရွေးကောက်ပွဲအား ပြည်သူများအထိခိုက်နည်းအောင် ဆန့်ကျင်သွားမည်ဟု အသီးသီးထုတ်ပြန်ထားပါသည်။ ထို့ကြောင့် ရေးမြို့နယ်သည် ပဋိပက္ခဒေသတစ်ခုအဖြစ် ကျရောက်နေပါသည်။ အလားတူ ရေးမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် နှစ်ဖက်အင်အားစုများ၏ အားပြိုင်မှုအတွင်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိကြရန် တိုက်တွန်းတင်ပြလိုက်ရပါသည်။
[1] Thanlwin Times, December 4, 2025: ရေးမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာခံ သုံးဦး ထိမှန်ဒဏ်ရာရ။ Thanlwintimes
[2] NMSP(AD)/RMA, December 10, 2025: သံဖြူဇရပ်မြို့နယ် တိုက်ပွဲသတင်းထုတ်ပြန်ချက်။
[3] Thanlwin Times, November 29, 2025: ရေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦး သေဆုံး။ Thanlwintimes
[4] HURFOM, December 3, 2025: စစ်ကော်မရှင်စစ်ကြောင်းမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံရသည့် ရေးမြောက်ပိုင်းဒေသခံ (၃၀) နီးပါး ပြန်လည်လွတ်မြောက်လာ။ https://www.facebook.com/mon.humanrights/posts/pfbid02S2eDYmpdVnsDPu9meLsvuweQmAHPbwPS9bxvz34fS3Dkhs7cKXnZsWKUBnWs69Eal
[5] Karen Information Center, November 12, 2025: ရေးတိုက်ပွဲ၌ စစ်သား ၇ ဦး သေဆုံး။ Kareninformationcenter
[6] Independent Mon News Agency, November 17, 2025: လိပ်ပုတ်ကျေးရွာတိုက်ပွဲအတွင်း စစ်ကော်မရှင်၏ လက်နက်ကြီးအသုံးပြုပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရပြီး အဆောက်အအုံအချို့ပျက်စီး။ Independentmonnewsagency
[7]ရေးဘီလူးတပ်ရင်း, December 10, 2025: သတင်းထုတ်ပြန်ချက်။ Yebeluforce
[8] Lagoon Eain, November 14, 2025: ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအနီးမှာ ဒေသခံ ၂၀ ကျော်ကို အာဏာသိမ်းတပ် ဖမ်းဆီး။
https://www.facebook.com/100066754783630/posts/1196981162537032/?rdid=bcBAaWJAUDhYuc9R
[9] Independent Mon News Agency, December 2, 2025: ရေးမြောက်ပိုင်းဒေသကို စစ်ကော်မရှင်အဖွဲ့ တောက်လျှောက်စစ်ကြောင်းထိုး။ Independemonnewsagency

