၁။ မုဒုံစီမံကိန်းကြီး(MegaProject)ဆိုင်ရာ လူမှုစီးပွားနှင့်ပြည်သူပူးပေါင်းပါဝင်မှု
လေ့လာ သုံးသပ်ချက်[1]
စီမံကိန်းကြီးများ (MegaProjects)တွင် တည်နေရာရွေးချယ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းသည် စီးပွားရေး သက်သက်သာမက နိုင်ငံရေးလှုံ့ဆော်မှုများပါ ပါဝင်လေ့ရှိသည်။ မုဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ စီမံကိန်းသည် ဒေသလိုအပ်ချက်အရ အောက်ခြေမှ တက်လာသော (Bottom-Up) စီမံကိန်း မဟုတ်ဘဲ၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်ဖြင့် (Top-down) စီမံခန့်ခွဲသည့် ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည်ကို လေ့လာ တွေ့ရှိရပါသည်။[2] စီမံကိန်း ပေါ်ပေါက်လာရခြင်း၏ နောက်ကွယ်တွင် နိုင်ငံရေးအရ မဟာမိတ်ပြုမှုများ ရှိနေ နိုင်သည်။ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကိုကိုနိုင် က “မွန်ပြည်နယ်က လူကြီးတွေနဲ့ လက်ရှိ နစက ကောင်စီနဲ့က အဆင်ပြေတယ်လေ… အဲဒါကြောင့် မွန်ပြည်နယ်ကို အခွင့်အရေးပေးတာလို့ မြင်တယ်” ဟု မုဒုံစီမံကိန်းနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်မှာ သုံးသပ်ထားပါသည်။[3] အာဏာသိမ်းစစ်အစိုးရ၏ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကလည်း ဤစီမံ ကိန်းသည် ပြည်နယ်အတွက်သာမက နိုင်ငံတော် အတွက်ပါ အကျိုးရှိမည့် စီမံကိန်းဖြစ်ကြောင်း Positive Angle News တွင် ဖော်ပြထားသည်။[4]
၂။ မုဒုံမှာ အဘယ်ကြောင့် စီမံကိန်းကြီးတည်နေရာအဖြစ်ရွေးချယ်ခဲ့သလဲ? [5]
လက်ရှိ မော်လမြိုင်လေဆိပ်သည် ပြေးလမ်းအလျား ပေ ၅၀၀၀ သာရှိပြီး လူ ၇၀ ဆံ့ ATR-72 လေယာဉ် များသာ ဆင်းသက်နိုင်သည်။ Boeing 737 ကဲ့သို့ လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် အဆင့်မြှင့် တင်လိုသော်လည်း၊ လေဆိပ်သည် မြို့နှင့်ကပ်လျက် လူနေအိမ်များနှင့် နီးကပ်နေခြင်းကြောင့် ပြေးလမ်း တိုးချဲ့ရန် မြေနေရာ အခက်အခဲရှိကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီဌာန၏ ဆောင်းပါးတွင် ဖော်ပြထားသည်။3

စီမံကိန်းသစ်အတွက် ရွေးချယ်ထားသော ကော့ပရံ (လေဆိပ်) နှင့် ဘလောက်ညောင်ဝိုင်း-ဝဲကလိ (ဆိပ်ကမ်း) နေရာများသည် ပင်လယ်ထွက်ပေါက်နှင့် နီးစပ်သည်။ ဤသည်မှာ လေကြောင်းနှင့် ရေကြောင်း ပို့ဆောင်ရေးကို ချိတ်ဆက်မည့် “Multi-modal Transport Hub” တစ်ခု ဖန်တီးလိုသည်ကို ရည်ရွယ်ပုံရသည်။5
ဤစီမံကိန်းအတွက် နိုင်ငံတော်ဘတ်ဂျက် တစ်ခုတည်းဖြင့် မလုံလောက်နိုင်သဖြင့် ပုဂ္ဂလိက ကဏ္ဍကိုပါ ဖိတ်ခေါ်ထားသည်။ ကမ်းရိုးတန်းသွား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို TMS Holdings Co., Ltd က BOT (Build-Operate-Transfer) စနစ်ဖြင့် တည်ဆောက်ရန် အဆိုပြုထားကြောင်း Positive Angle News တွင် ဖော်ပြထားသည်။ ထို့အပြင် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasibility Study) တင်ဒါကို ကိုရီးယားကုမ္ပဏီ တစ်ခုကအောင်မြင်ထားကြောင်း မွန်ပြည်နယ်အာဏာသိမ််းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင် ကြည်သိန်း က NP News သို့ အတည်ပြုပြောကြားထားသည်ကို တွေ့ရသည်။[6]
၃။ မုဒုံ Mega Project ကြောင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်ခြေနှင့် ဒေသခံတို့၏ စိုးရိမ်ပူပန်မှုများက ဘာတွေလဲ?[7]
စီမံကိန်းအတွက် လေဆိပ်မြေဧက ၃၄၄၇.၄၂ နှင့် ဆိပ်ကမ်းမြေဧက ၄၆၉ ကျော်၊ စုစုပေါင်း ဧက ၄၀၀၀ ကျော် လိုအပ်မည်ဖြစ်ပြီး ၎င်းတို့မှာ ဒေသခံများ၏ လယ်မြေနှင့်ရော်ဘာခြံများ ဖြစ်ကြသည်။7 ထိုလေယာမြေနှင့် ရော်ဘာခြံများသည် ထိုဒေသခံများအတွက် အဓိကဝင်ငွေလမ်းကြောင်းဖြစ်ပြီး ထိုမြေ များသာ မရှိတော့လျှင် ၎င်းတို့၏ ရေရှည်စီးပွားရေးကို ရပ်တန့်သွားနိုင်ပြီး အနာဂတ်မှာ တခြားအလုပ် အကိုင်လုပ်ဖို့ရန်လည်း အသစ် ကနေပြန်စရပါသဖြင့် ဒေသခံဘက်ကြည့်လျှင်လည်း များစွာခက်ခဲနိုင်ပါသည်။ ထိုအခြေအနေကို ဒေသခံ တစ်ဦးက “ကျွန်တော်တို့အတွက်က မနက်ဆို ရော်ဘာခြစ် ညနေသိမ်း အဲအလုပ်ပဲရှိတာ… သူတို့က ဘယ်တုန်း က အဲလို (ထိုက်တန်သော လျော်ကြေး) လုပ်ပေးခဲ့လို့လဲ။ သမိုင်းတစ်လျှောက်ပါပဲ”8ဟု ဆိုကာ ဒေသခံများက အတိတ်ခေတ်အဆက်ဆက်တွင် မြေယာသိမ်း ဆည်းခံရပြီး ထိုက်တန်သော လျော်ကြေးမရရှိခဲ့သည့် သမိုင်း ကြောင်းများရှိခဲ့သဖြင့် အစိုးရ၏ လုပ်ငန်းစဉ် များအပေါ် ယုံကြည်မှုမရှိဘဲ မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆုံးရှုံးရမည့်အရေးကိုသာ ပိုမိုစိုးရိမ်နေကြသည်။
အာဏာသိမ်းစစ်အစိုးရဘက်မှ လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၄၀ နှုန်းဖြင့် လျော်ကြေးပေးရန် သတ်မှတ် ထားသော်လည်း၊ ဒေသခံများသည် ထိုအချက်အလက်ကို တိကျစွာ မသိရှိရသေးပေ။ ကော့ပရံ ကျေးရွာမှ ဒေသခံလူငယ် တစ်ဦးက “လျော်ကြေးဘယ်လောက်ပေးမယ်၊ ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာ ဘာမှမပြော သေးဘူး… ကျွန်တော် တို့ မြေတွေ သိမ်းခံရမှာကို စိုးရိမ်နေကြတာပါ”7 ဟု လေ့လာ သိရှိရသည်။
၄။ မုဒုံစီမံကိန်းက ပြည်သူပူးပေါင်းပါဝင်မှု ဘယ်အဆင့်ထိ ရှိနေပြီလဲ[8]
စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ သိရှိမှု အားနည်းနေသည်ကို တွေ့ရသည်။ ဒေသခံများက “ပေးမယ် လို့တော့ သေချာ မပြောထားသေးဘူး၊ သေချာလည်း မဆွေးနွေးရသေးဘူး”8 ဟု ဆိုထားရာ ၊ စီမံကိန်း အကောင် အထည် ဖော်သူများဘက်မှ သတင်းအချက်အလက်များကို တိကျစွာ မျှဝေခြင်း မရှိခြင်းကြောင့် ဒေသခံများ ကြားတွင် စိုးရိမ် မှုနှင့် မရေရာမှုများ မြင့်တက်လာခြင်းသာ ဖြစ်လာစေသည်။
စီမံကိန်းကြီးဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်းအရ တင်ဒါခေါ်ယူခြင်း၊ ဘတ်ဂျက်တောင်းခံခြင်းများကို ဆောင်ရွက်ထားသော်လည်း9၊ ဒေသခံများ၏ သဘောတူညီချက် မရရှိသေးပေ။ ကော့ပရံကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက “သူတို့က လယ်သမားတွေနဲ့ ညှိနှိုင်းတုန်းပဲ။ လယ်သမားတွေကို သူတို့ပေး မယ့် ဈေးနှုန်း တွေနဲ့ လယ်သမားတွေက လက်မခံတဲ့အခါကျတော့ ဘာမှ အဆင်မပြေသေးဘူး” ဟု ဆိုထားသည်ကိုလည်း တွေ့ရှိရသည်။
၅။ နိဂုံးချုပ် သုံးသပ်ချက်
စီမံကိန်းသည် အစိုးရ၏ တရားဝင် လုပ်ထုံးလုပ်နည်းများ (တင်ဒါ၊ ဘတ်ဂျက်) နှင့်အညီ သွားနေ သော်လည်း၊ မြေယာသိမ်းဆည်းခြင်းဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းများဖြစ်သည့် FPIC [9]ကို လိုက်နာမှု အားနည်း နေပါသည်။ ရေရှည်တွင် ဒေသဖွံ့ဖြိုးရေး ဖြစ်လာနိုင်သော်လည်း၊ လက်ရှိကာလ တို့တွင် ဒေသခံလယ်သမား များ၏ စီးပွားရေး ဖြစ်နယ်မြေနှင့် အသက်မွေးဝမ်းကျောင်းခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်နေသည်။ စီမံကိန်း အောင်မြင်ရန်နှင့် အကျိုးအမြတ်ရရှိရန်အတွက် BOT စနစ်ကဲ့သို့ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု လိုအပ် သကဲ့သို့၊ ဒေသခံများနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးပြီး မျှတသော လျော်ကြေးနှင့် အသက်မွေးဝမ်းကျောင်း ပြန်လည် ထူထောင်ရေး အစီအစဉ်များကို ထည့်သွင်း စဉ်းစားရန် များစွာလိုအပ်နေသာ စီမံကိန်းတစ်ခု ဖြစ်ကြောင်း မီးမောင်းထိုးပြရပါသည်။
[1] မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အကောင်အထည်ဖော်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းကြီး (Mega Project) အား လူမှုသိပ္ပံဆိုင်ရာ သဘောတရားများ (Social Science Theories) ရှုထောင့်မှ ဆန်းစစ်လေ့လာထားသော အစီရင်ခံစာဖြစ်ပါသည်။
[2]/5/8လွတ်လပ်သော မွန်သတင်းအေဂျင်စီ/ (BNI), December 14, 2022, မွန်တွင် တည်ဆောက်မည့် လေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း အတွက် မြေလျော်ကြေးကို လာမည့်နှစ်တွင် အပြီးသတ်ပေးမည် https://www.bnionline.net/mm/news-96282
[3]/7/8 Independent Mon News Agency, ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈, “မွန်ပြည်နယ်ရဲ့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ဖြစ်လာမှာလား”,Link
[4] Positive Angle News,ဇန်နဝါရီ ၂၂, 2026, မွန်ပြည်နယ် မုဒုံမြို့နယ်ထဲမှာတည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဟာ မွန်ပြည်နယ်အတွက်အပြင် နိုင်ငံတော်အတွက်ပါအကျိုးရှိတဲ့ ဆိပ်ကမ်းလို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော, Link
[5] မော်လမြိုင်လေဆိပ်ရှိလျက်နှင့် မုဒုံတွင် အသစ်ထပ်မံတည်ဆောက်ရခြင်းကို Comparative Advantage နှင့် Technical Feasibility ရှုထောင့်မှ ဆန်းစစ်ထားပါသည်။
[6]/9 NP News၊ သြဂုတ် ၂၈, 2022, မုဒုံမြို့၌ တည်ဆောက်မည့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအတွက် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ရန် ကိုရီးယားကုမ္ပဏီတစ်ခုက တင်ဒါအောင်မြင်ထားဟုဆို, Link
[7] ဤအပိုင်းတွင် Livelihood Security Framework (အသက်မွေးဝမ်းကျောင်း လုံခြုံမှု မူဘောင်) ကို အသုံးပြု၍ ဒေသခံများ၏ ဘဝလုံခြုံမှုကို သုံးသပ်ထား ပါသည်။
[8] လက်ရှိစီမံကိန်း၏ လူထုပါဝင်မှု အဆင့်ကို Arnstein’s Ladder of Citizen Participation သီအိုရီဖြင့် သုံးသပ်ထားပါသည်။
[9] FPIC (Free, Prior and Informed Consent)

