နိဒါန်း
(၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ ကျင်းပခဲ့သည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတိုက်အခံ တော်လှန်ရေးအင်အားစုများ၏ ဆန့်ကျင်တိုက်ခိုက်မှုနှင့် လက်မခံမှုများ ရှိသော်ငြားလည်း ပြည်ထောင်စုတစ်ခုလုံး၏ အနာဂတ်အတွက်သာမက ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ရေးပုံစံများအပေါ်တွင် များစွာသက်ရောက်မှုရှိသည်။ အထူးသဖြင့် မွန်ပြည်နယ်တွင်လည်း တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပေါ်ထွက်လာမှုသည် အထူးအလေးထားစောင့်ကြည့်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ဤသုံးသပ်ချက်စာတမ်းသည် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလမှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်ဆင့်ကျင်းပခဲ့သော မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံ၍ ပေါ်ထွက်လာသည့် မွန်ပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှုနှင့် အစိုးရအလားအလာတို့ကို ခွဲခြမ်းစိတ်ဖြာ တင်ပြသွားမည်ဖြစ်ပါသည်။
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲရလဒ်များ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်အုပ်စုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) မှ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) အဖြစ် အသွင်ပြောင်းလဲခဲ့ပြီးနောက် ကျင်းပခဲ့သည့် ဤရွေးကောက်ပွဲသည် အပိုင်း (၃) ပိုင်းဖြင့် ပိုင်းခြားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များကိုလည်း အပိုင်း (၁) နှင့် (၂) အတွင်း ထည့်သွင်းကျင်းပခဲ့သည်။ မိုးကျရွှေကိုယ် တပ်မတော်သားကိုယ်စားလှယ်များနှင့် လက်ရှိရွေးကောက်ပွဲရလဒ်များအရ မွန်ပြည်နယ်လွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ်ထိုင်ခုံ (၃၁) နေရာ ရှိသည်။ ဤဖွဲ့စည်းပုံတွင် ရွေးကောက်ခံကိုယ်စားလှယ် (၂၃) ဦးနှင့် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အလိုအလျောက် ပါဝင်ခွင့်ရှိသော တပ်မတော်သားကိုယ်စားလှယ် (၈) ဦးတို့ ပါဝင်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များအနက် (၁၀) ဦးမှာ မြို့နယ်အလိုက် မဲအများဆုံးရသူ အကုန်ယူစနစ် FPTP စနစ်ဖြင့် ရွေးချယ်ခံရခြင်းဖြစ်ပြီး၊ (၁၀) ဦးမှာ အချိုးကျကိုယ်စားပြုစနစ် PR စနစ်ဖြင့်လည်းကောင်း၊ ကျန် (၃) ဦးမှာ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်များမှလည်းကောင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ပါတီအလိုက် အနိုင်ရရှိမှုနှင့် ကိုယ်စားပြုမှု အချိုးအစား
မွန်ပြည်နယ်လွှတ်တော်အတွင်းရှိ ပါတီများ၏ အနိုင်ရကိုယ်စားလှယ်ဦးရေနှင့် အချိုးအစားကို အောက်ပါဇယားတွင် အသေးစိတ်တွေ့မြင်နိုင်သည်။ –
(ဒေတာအချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၀/၂၀၂၆) မှ ရယူပြုစုထားပါသည်။)[1]
ဤရလဒ်များကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်နယ်အတွင်း အင်အားအကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာပြီး တပ်မတော်သားကိုယ်စားလှယ်များနှင့် ပေါင်းစည်းလိုက်ပါက လွှတ်တော်၏ (၆၁.၂) ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ ၎င်းသည် ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့အလိုကျ ဆုံးဖြတ်နိုင်သည့် အခြေအနေကို ဖန်တီးထားနိုင်သည်။ တစ်ဖက်တွင်လည်း မွန်ညီညွတ်ရေးပါတီသည် အမတ်နေရာ (၇) နေရာဖြင့် ဒုတိယအင်အားအကြီးဆုံး နိုင်ငံရေးပါတီအဖြစ် ရပ်တည်နေပြီး အစိုးရအတိုက်အခံပြုလုပ်ရန်နှင့် တိုင်းရင်းသားအရေးနှင့် ဒေသန္တရအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် အဓိကကျသော အင်အားစုဖြစ်လာသည်ကို တွေ့ရသည်။
မွန်ညီညွတ်ရေးပါတီ၏ အနိုင်ရကိုယ်စားလှယ်များ အသေးစိတ်
မွန်ညီညွတ်ရေးပါတီမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်အများစုသည် ပြည်နယ်၏ တောင်ပိုင်းနှင့် အလယ်ပိုင်း မြို့နယ်များတွင် လူထုထောက်ခံမှု ရရှိခဲ့သည်ကို တွေ့ရသည်။

(ဒေတာအချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၁၀/၂၀၂၆) မှ ရယူပြုစုထားပါသည်။)[2]
ကိုယ်စားလှယ်များအနက် မွန်ညီညွတ်ရေးပါတီအတွင်းရှိ အမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်သူ မိလဝီဟန် တစ်ဦးသာ အမျိုးသမီးအနိုင်ရကိုယ်စားလှယ်အနေနှင့် ပြည်နယ်လွှတ်တော်အတွင်း ပါဝင်လာခြင်းသည် အမျိုးသမီးကဏ္ဍ လှုပ်ရှားမှုများအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ကျား-မ တန်းတူညီမျှမှုဆိုင်ရာ စိန်ခေါ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။ PR စနစ်၏ အကျိုးသက်ရောက်မှုကြောင့် ကျိုက်ထိုကဲ့သို့သော မြို့နယ်၌ပါ MUPပါတီ၏ ကိုယ်စားလှယ် (၁) ဦး ပါဝင်ခွင့်ရရှိလာခြင်းသည် ပါတီ၏ နယ်မြေဖြန့်ကျက်နိုင်စွမ်းကို ပြသနေသည်။
မွန်ညီညွတ်ရေးပါတီ၏ မွန်ပြည်နယ်အစိုးရအတွင်း အားပြိုင်မှုနှင့် ရွေးကောက်ပွဲကတိကဝတ်များ
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပေါ်ထွက်လာပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် မွန်ညီညွတ်ရေးပါတီသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်နေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အင်အားသည် အစိုးရဖွဲ့ရန် လုံလောက်သော်လည်း၊ ပြည်နယ်အတွင်း လူထုထောက်ခံမှုရရှိရန်နှင့် တည်ငြိမ်မှုဖော်ဆောင်ရန်အတွက် မွန်ညီညွတ်ရေးပါတီ ကဲ့သို့သော တိုင်းရင်းသားပါတီတစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သည်။
၁။ မွန်ညီညွတ်ရေးပါတီအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့အတွင်း အရေးပါသော ဝန်ကြီးဌာနအချို့ကို ရရှိရန် ကြိုးပမ်းမည်ဟု ယူဆပါသည်။ ဤနေရာများတွင် ပါတီဝင်များ ခန့်အပ်ခံရခြင်း ရှိခြင်း၊ မရှိခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မွန်ညီညွတ်ရေးပါတီကြားရှိ နိုင်ငံရေးအရ အပေးအယူလုပ်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။
၂။ မွန်ညီညွတ်ရေးပါတီသည် ၎င်းတို့၏ ဖက်ဒရယ်မူဝါဒအရ ပြည်နယ်အတွင်းရှိ သယံဇာတများမှရရှိသော အကျိုးအမြတ်များကို ပြည်နယ်အတွင်း ပိုမိုခွဲဝေသုံးစွဲခွင့်ရရန် တောင်းဆိုလာမည်ဖြစ်သည်။
၃။ မွန်ညီညွတ်ရေးပါတီသည် ၎င်းတို့၏ ရွေးကောက်ပွဲ မူဝါဒသဘောထားများကို (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုရွေးကောက်ပွဲ မူဝါဒသဘောထားပါ အချက်များသည် တစ်နည်းအားဖြင့် ပါတီ၏ ရွေးကောက်ပွဲအလွန် ကတိကဝတ်များ ဖြစ်ပါသည်။ ထိုကတိကဝတ်များသည် လွှတ်တော်သက်တမ်းအတွင်း ပါတီ၏ စွမ်းဆောင်ရည်ကို တိုင်းတာမည့် ပေတံများဖြစ်လာမည်ဖြစ်ရာ ၎င်းတို့ကို မမေ့မလျော့ဘဲ အကောင်အထည်ဖော်ရန် လိုအပ်သည်။
နိဂုံး
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ အခင်းအကျင်းကို ခြုံငုံသုံးသပ်ရလျှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ အင်အားကြီးစိုးမှုများ ရှိလာနိုင်သော်လည်း၊ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ၏ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် လွှတ်တော်အတွင်းရှိ မွန်ညီညွတ်ရေးပါတီ၏ အခန်းကဏ္ဍသည် အထူးအရေးပါလာမည်ဖြစ်သည်။
ဤရွေးကောက်ပွဲတွင် အချိုးကျကိုယ်ပြုစနစ် PR စနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပါတီငယ်များဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP), ပြည်သူ့ပါတီ (PP) နှင့် အမျိုးသားအကျိုးစီးပွါးတိုးတက်ရေးပါတီ (NIEDP) တို့က ကိုယ်စားလှယ် (၁) ဦးစီ ပါဝင်ခွင့်ရရှိလာခြင်းသည် လွှတ်တော်အတွင်း အမြင်စုံလင်မှုကို ဖြစ်စေသည်။ သို့သော် ဤပါတီငယ်များသည် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ အင်အားကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ မွန်ညီညွတ်ရေးပါတီနှင့် မဟာမိတ်ဖွဲ့ခြင်းအားဖြင့်သာ ၎င်းတို့၏ အသံကို ပိုမိုကျယ်လောင်စေနိုင်မည်ဖြစ်သည်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် အစိုးရအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်ခြင်းသည် မွန်လူမျိုးများအတွက် လက်တွေ့ကျသော ဥပဒေအရ ကာကွယ်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်မှသာလျှင် ၎င်းတို့အပေါ် ထားရှိသော ဝေဖန်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို အကောင်အထည်မဖော်နိုင်ပါက ပါတီသည် လူထု၏ ယုံကြည်မှုကို ရေရှည်တွင် ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် မွန်ညီညွတ်ရေးပါတီအနေနှင့် လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းအတွင်း ပြည်သူများကို မျက်နှာမူပြီး ကတိကဝတ်များအား မဖြစ်မနေ အကောင်အထည်ဖော်ရမည့် တာဝန်ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
[1] MRTV, January 7, 2026: ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြေညာချက်အမှတ် (၁၀/၂၀၂၆) အား ဇန်နဝါရီလ (၇) ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန် (တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း) ။ https://t.me/mrtvnews/305656
[2] MRTV, January 7, 2026: ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ကြေညာချက်အမှတ် (၁၀/၂၀၂၆) အား ဇန်နဝါရီလ (၇) ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန် (တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း) ။ https://t.me/mrtvnews/305656

