စစ်ရေးနှင့် ငြိမ်းချမ်းရေးသုံးသပ်ချက်
နိဒါန်း
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကာလအတွင်း မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွါးမှု စုစုပေါင်း (၈) ကြိမ် ရှိခဲ့သည်။ မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်တွင် (၃) ကြိမ်၊ မွန်ပြည်နယ်မြောက်ပိုင်းတွင်တည်ရှိသော ကျိုက်ထိုမြို့နယ်တွင် (၂) ကြိမ်နှင့် ဘီးလင်းမြို့နယ်တွင် (၃) ကြိမ် ဖြစ်ပွါးခဲ့သည်ကို တွေ့ရသည်။ တိုက်ပွဲဖြစ်ပွါးမှုကို လေ့လာကြည့်လျှင် အာဏာသိမ်း စစ်အုပ်စုဘက်က စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူသထူးခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဆက်နေသော မွန်ပြည်မြောက်ပိုင်း
အာဏာသိမ်း စစ်အုပ်စုသည် ဖေဖော်ဝါရီ (၈) ရက်နေ့မှစ၍ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူသထူးခရိုင်ရှိ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး နောက်တစ်နေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့သည်။ မုက္ခမော့ကျေးရွာနှင့် ခရွဲကျေးရွာတို့တွင် (KNU/KNLA) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ကြသည်။ ၎င်းတိုက်ပွဲအတွင်း စစ်အုပ်စု၏ သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) တပ်ရင်းနှင့် အမှတ် (၃၁၀) အမြှောက်တပ်ရင်းတို့မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၃) ဦး ကျဆုံးခဲ့ပါသည်။[1]/[2]
ထို့အပြင် ဖေဖော်ဝါရီလ (၁၀) ရက် ညနေပိုင်းတွင် ကျောက်ရေတွင်းကျေးရွာအတွင်းသို့ အာဏာသိမ်းစစ်အုပ်စုက ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး ဒေသခံအရပ်သား (၃၀) ဦးခန့်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။[3] တိုက်ပွဲမစတင်ခင် ရက်ပိုင်းအလိုဖြစ်သော ဇန်နဝါရီလ (၃၁) ရက်နေ့တွင်လည်း တိုက်ပွဲတစုံတရာ ဖြစ်ပွါးခြင်း မရှိဘဲ ကျိုက်ထိုမြို့နယ်၊ ကျောက်ရေတွင်းရွာသို့ အာဏာသိမ်း စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၁) လုံးနှင့် ရာဘာပင်အချို့ ထိခိုက်ပျက်စီးခဲ့သည်။[4] အမှတ် (၃၁၀) အမြောက်တပ်ရင်းမှလည်း လက်နက်ကြီး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်။[5]
အလားတူ ဒူသထူးခရိုင်ရှိ ဘီးလင်းမြို့နယ်သို့လည်း ဖေဖော်ဝါရီလ (၇) ရက်နေ့မှစ၍ အာဏာသိမ်း စစ်အုပ်စုက ညောင်ထောက်ရွာကို ဦးတည်၍ အလူးကြီးရွာ၊ ချမ်းမြေ့စုရွာ၊ ဖိုးဝါးသိမ်ရွာဘက်မှ စစ်ကြောင်း (၃) ကြောင်းခွဲပြီး တပြိုင်တည်း ထိုးစစ်ဆင်ဝင်ရောက်ခဲ့သည်။ စစ်ကြောင်းဝင်သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့၌ပင် ညောင်ထောက်ရွာနှင့် ဖိုးဝါးသိမ်ရွာတို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အဆိုပါကျေးရွာရှိ နေအိမ် (၂) လုံးအား အာဏာသိမ်း စစ်အုပ်စု၏ စစ်ကြောင်းတစ်ခုက မီးရှို့ဖျက်ဆီးခဲ့သည်။[6] ထို့နောက် ဖိုးဝါးသိမ်ရွာတွင် (၃) ရက်ခန့် အထိုင်ချတပ်စွဲခဲ့သည်။[7]
တိုက်ပွဲကြောင့် ညောင်ထောက်၊ အလူးကြီး၊ ဖိုးဝါးသိမ်၊ ချမ်းမြေ့စု၊ ဝင်းသောင်၊ ရှမ်းစု၊ သရက်ကုန်း စသည့် အနီးဝန်းကျင်ရှိ ရွာပေါင်း (၁၀) ရွာခန့်မှ ဒေသခံလူဦးရေ (၅,၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ဖိုးဝါးသိမ်ရွာမှထွက်ခွါပြီး အလူးကြီးကျေးရွာ၌ စစ်အုပ်စုက အထိုင်ချတပ်စွဲခဲ့သည်။[8] လက်ရှိတွင် ဒူသထူးခရိုင်တွင် နှစ်ဖက်စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်သည်။
တပ်လှန့်နေသည့် ရေး-သံဖြူဇရပ်လမ်း
မွန်ပြည်နယ်တောင်ပိုင်းတွင် ရှိသော ရေးမြို့နယ်တွင်မူ အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပချိန်တွင် စစ်အုပ်စုက ရေးမြို့တွင်းနှင့် ၎င်းတပ်ရင်း၊ တပ်စခန်းများရှိရာ နေရာများတွင်သာ လုံခြုံရေးချ ဖြန့်ကျက်ထားခဲ့သည်။ ရွေးကောက်ပွဲ ပြီးလျှင်ပြီးချင်း ဇန်နဝါရီလ ဒုတိယအပတ်မှစ၍ စစ်ကြောင်းထိုးခြင်းများကို စစ်အုပ်စုက ပြန်လည်စတင်ခဲ့သည်။[9] ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်မှ သံဖြူဇရပ်မြို့နယ်အစပ် အောင်သပြေရွာအထိ စစ်ကြောင်းထိုးခဲ့သည်ကို တွေ့ရသည်။ ထိုအခြေအနေကြောင့် ၎င်းလမ်းအစိတ်အပိုင်းကို စိုးမိုးထားသည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) လက်အောက်ခံတပ် (၂) ခုဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (YPDF) တို့နှင့် စစ်အုပ်စုစစ်ကြောင်းအကြား ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သည်။[10] ဇန်နဝါရီလ (၁၈) ရက်နေ့တွင်လည်း ကနင်ကမော့ကျေးရွာအနီးတစ်နေရာ၌ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွါးခဲ့သည်။[11]
ထို့အပြင် မွန်အမျိုးသားနေ့ပြီးသည့် နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ (၃) ရက် နံနက် (၅) နာရီခန့်တွင် ရာမညမွန်တပ်တော် (NMSP(AD)/RMA) ၏ အမှတ် (၉၀၄) တပ်ရင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) ၏ တပ်ရင်း (၂၇)၊ အမှတ်(၈၀၀၁) တပ်ရင်း-ရေးပြောက်ကျားတပ်(YGF) တို့ပူးပေါင်းပြီး ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် အာဏာသိမ်း စစ်အုပ်စု၏ ခမရ (၅၉၁) တပ်ရင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်။[12]/[13] အပြန်အလှန်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းသို့ (၄၀) မမ လက်နက်ကြီး (၁) လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရေး-ကျောင်းရွာလမ်းကို အာဏာသိမ်း စစ်အုပ်စုဘက်က နာရီနှင့်ချီ ခေတ္တပိတ်ခဲ့သည်။[14] စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုများသည် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၏ ရေး-သံဖြူဇရပ်လမ်း အစိတ်အပိုင်းကို ပို၍ ပစ်မှတ်ထားပုံရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်တွင်လည်း မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှတဆင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ အာဏာသိမ်း စစ်အုပ်စု၏ အမှတ် (၃၁၅) အမြှောက်တပ်ရင်းသို့ လက်နက်ကြီးအမြှောက်များ ပါဝင်သော အစီးရေ (၂၀) ခန့် စစ်ယာဉ်တန်းတစ်ခု ရောက်ရှိခဲ့သည်ဟု ဒေသခံပြောကြားချက်ကို ကိုးကားပြီး လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) က ဖော်ပြသည်။[15] သံဖြူဇရပ်သို့ ရောက်ရှိလာသည့် စစ်ယာဉ်တန်းသည် ရိုးရိုးပုံမှန် အင်အားဖြည့်တင်းမှုထက် ကျော်လွန်သော စစ်ရေးရည်မှန်းချက်ရှိနိုင်ပါသည်။ အဆိုပါယာဉ်တန်းတွင် လက်နက်ကြီးအမြှောက်များ ပါဝင်နေခြင်းသည် စစ်အုပ်စုက ၎င်းတို့လက်လွှတ်ထားရသည့် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး ရေး-သံဖြူဇရပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် ပြင်ဆင်ခြင်းဖြစ်သည်။
နိဂုံး
အချုပ်အားဖြင့်ဆိုရသော် မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများသည် ရွေးကောက်ပွဲပြီးနောက် နယ်မြေရှင်းလင်းရေးနှင့် စစ်ကြောင်းထိုးခြင်းတို့ကို အာဏာသိမ်းစစ်အုပ်စုက အဓိကလုပ်ဆောင်နေသည်။ မွန်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေ ပြင်းထန်နေပြီး တောင်ပိုင်းတွင်မူ အလားတူ စစ်ကြောင်းထိုးခြင်းများ ရှိသော်ငြား စစ်ရေးတင်းမာသည့် အခြေအနေမျှသာ ရှိခဲ့သည်။ သို့သော်လည်း စစ်အုပ်စု၏ အဓိကရည်မှန်းချက်သည် လွှတ်တော်မစတင်မီ မွန်ပြည်နယ်အတွင်းရှိ အဓိကဆက်သွယ်ရေးလမ်းကြောင်းများကို လုံခြုံမှုရှိစေရန် အင်အားသုံး ရှင်းလင်းလိုသော သဘောဆောင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးရန်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
[1] Thanlwin Times, February 10, 2026: ကျိုက်ထိုမှာ စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ။ Thanlwintimes
[2] Thanlwin Times, February 10, 2026: ကျိုက်ထိုတိုက်ပွဲမှာ PDF ရဲဘော်သုံးဦးကျဆုံး။ Thanlwintimes
[3] Thanlwin Times, February 11, 2026: ကျိုက်ထိုမှာ စစ်တပ်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး။ Thanlwintimes
[4] Karen National Union, January 3, 2026: [ကညီလံၥ်တၢ်ပၥ်ဖျါလၢအဖီလၥ်န့ၣ်လီၤ]။ https://www.facebook.com/share/p/1DfaxiGedz/
[5] Thanlwin Times, January 31, 2026: ကျိုက်ထိုမြို့နယ် ကျောက်ရေတွင်းရွာ လေကြောင်းဗုံးကြဲခံရ။ Thanlwintimes
[6] Independent Mon News Agency, February 12, 2026: ဘီးလင်းတွင် တော်လှန်ရေးတပ်သား ၁ ဦး သတ်ဖြတ်ခံရ။ Independenetmonnewsagency
[7] Karen Information Center, February 10, 2026: စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ ဖျက်ဆီးမှုကြောင့် ဘီးလင်းကရွာ(၃)ရွာထက်မနည်း နေအိမ်မပြန်ရဲ။ Kareninformationcenter
[8] Voice of Myanmar, February 11, 2026: ဘီးလင်းတိုက်ပွဲကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ။ https://www.facebook.com/share/p/1L1viFhHWK/
[9] Thanlwin Times, January 24, 2026: ရေးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက ရွာစဉ်လှည့်ပြီး ဒေသခံတွေကို လိုက်လံဖမ်းဆီးနေ။ Thanlwintimes
[10] Mon State Revolutionary Force, January 17, 2026: “လလောင်တြး ပရိုင်ပေါဲဗ္တိုက်” ။ https://www.facebook.com/share/p/18Q2ZAoo4x/
[11] Independent Mon News Agency, January 26, 2026: ဇန်နဝါရီတတိယအပတ်အတွင်း ရေးဒေသခံအမျိုးသား ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူမရှိသေး။ Independentmonnewsagency
[12] Ye Guerrilla Force-ရေးပြောက်ကျားတပ်, February 3, 2026: ခမရ (၅၉၁) တပ်ရင်းအား ပူးပေါင်းမဟာမိတ်များနှင့်အတူ တိုက်ခိုက်ခြင်း။ https://www.facebook.com/share/v/18nWYV7V4Z/
[13] RMA-Ramonnya Mon Army, February 5, 2026: ပရိုၚ်ပေဲါဗတိုက်-သၞချိုတ်ပန်တၠ။ https://www.facebook.com/share/p/1DtKkJNFAd/
[14] Independent Mon News Agency, February 3, 2026: ကျောင်းရွာကျေးရွာတွင် လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား။ Independentmonnewsagency
[15] Independent Mon News Agency, February 12, 2026: ဝဲကလိအမြှောက်တပ်စခန်းသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်း။ Independentmonnewsagency

