ဒီဇင်ဘာလ၊ ၂၀၂၅
ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။
ယခု လေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀ မြို့နယ်)၊ ကရင်ပြည်နယ် (ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး အပါအဝင် ၃ မြို့နယ်) နှင့် တနင်္သာရီတိုင်းဒေသကြီး (ရေဖြူမြို့နယ်) တို့မှ စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါ နယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန်အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။
ဤအစီရင်ခံစာသည် RICE သုတေသနအဖွဲ့၏ လက်လှမ်းမီသော အချက်အလက်အရ၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက်အချို့ကို အဓိကထား၍ အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ
၂၀၂၅၊ ဒီဇင်ဘာလအတွင်း ရေဖြူမြို့နယ်မှာ တိုက်ပွဲအကြိမ်ရေ သိသိသာသာ ပိုမိုမြင့်မားခဲ့ပြီး စုစုပေါင်း (၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲအကြိမ်ရေအများဆုံး မြို့နယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုလတွင် ကော့ကရိတ်မြို့နယ်မှာလည်း တိုက်ပွဲ (၁) ဖြစ်ပွားခဲ့သည်။
ရွေးကောက်ပွဲ ကျင်းပလာသည်နှင့်အမျှ မွန်ပြည်နယ်ရှိ မြို့နယ်များသည် အာဏာသိမ်းစစ်တပ်မှ စစ်ကြောင်းထိုးသည့်ဖြစ်စဥ် အရှိန်မြင့်လာခဲ့သည်။ ထိုအခြေအနေကြောင့် ထိုဒေသည် စုစုပေါင်း တိုက်ပွဲဖြစ်စဥ် (၈) အထိ ရှိခဲ့သည်။ ၎င်းတို့သည် ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲ (၃) ကြိမ် ၊ ရေးမြို့နယ် (၂ ကြိမ်)၊ သထုံမြို့နယ်(၂ ကြိမ်) နှင့် ဘီးလင်းမြို့နယ် (၁ ကြိမ်)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RICE ၏ လက်လှမ်းမီသော သတင်းအချက် အလက်များအရ သိရှိရသည်။
မွန်ပြည်နှင့် ဆက်စပ်သောတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်မှ သေဆုံးသူ (၃၆) ဦး အထက် ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ (၁၆) ဦးအထက် ရှိခဲ့သည်ဟု သိရသည်။ ထိုတိုက်ပွဲတွင် တော်လှန်ရေးဘက်မှ (၂) ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အသေးစိတ် မသိရှိခဲ့ပါ။ ဘီးလင်းမှာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် အရပ်သား (၂) ဦးလည်း သေဆုံးခဲ့ရသည်။ ကော့ကရိတ်တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးသူ (၂၀) ဦး အထက် ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ အသေးစိတ် မသိရှိရပါ။ ရေဖြူတိုက်ပွဲလည်း အာဏာသိမ်းစစ်တပ်ဘက်မှ (၉) ဦး အထက် သေဆုံးခဲ့ရပြီး၊ (၄) ဦးထက်မနည်း ဒဏ်ရာအသီးသီးအပြင် အရပ်သားဦးအပစ်ခံရ၍ ဒဏ်ရာပြင်းထန်နေကြောင်း သိရသည်။ အထက်ပါတိုက်ပွဲအခြေအနေတွင် အာဏာသိမ်းတပ်သား အများအပြား ထိခိုက်မှုရှိခဲ့ကြောင်း သိရသော်လည်း အသေးစိတ် အချက်အလက်များနှင့် နယ်မြေဆုံးရှုံးကိုပါ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းစစ်ဆင်ရေးနှင့် မြေမြှုပ်မိုင်း ဖြစ်စဥ်များအကျဉ်းချုပ်
အာဏာသိမ်းစစ်တပ်၏ ဦးတည်တိုက်ခိုက်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာတွင် ရေဖြူမြို့နယ်အတွင်း လက်နက်ကြီးဖြင့် (၈) ကြိမ်နှင့် ဒရုန်းဖြင့် (၁) ကြိမ်၊ တိုက်ခိုက်မှုအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၂) ဦး သေဆုံးခဲ့ရကာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးမြို့နယ် ဖြစ်နေသည်။
ဘီးလင်းမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှု (၃) ကြိမ်နှင့် မြေမြှုပ်မိုင်း (၁) ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ် များကြောင့် အရပ်သား (၆) ဦး ဒဏ်ရာရရှိခဲ့ပြီး (၈) ဦး သေဆုံးခဲ့ရာ အရပ်သားအများဆုံးသေဆုံးသည့် မြို့နယ် ဖြစ်သည်။ ထိုသေဆုံးသူများမှာ အမျိုးသမီး (၅) ဦး ပါဝင်သည်။
ကျိုက်ထိုမြို့နယ်တွင် လက်နက်ကြီး (၄) ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ဖြစ်ပွားခဲ့ရာ အရပ်သား (၂) ဦး ဒဏ်ရာရရှိခဲ့ပြီး (၂) ဦး သေဆုံးခဲ့ရသည်။ သေဆုံးသူများထဲတွင် အမျိုးသားတစ်ဦး ပါဝင်ကြောင်း သိရှိရသည်။ ကော့ကရိတ်မြို့နယ်မှာလည်း ၂၀၂၅၊ ဒီဇင်ဘာလအတွင်း ဒရုန်းဖြင့် (၄) ကြိမ်၊ လက်နက်ကြီး (၁) ကြိမ်နှင့် လေကြောင်း တိုက်ခိုက်မှုဖြစ်စဥ် (၁) ကြိမ် ဖြစ်ပွားခဲ့သည်။ သထုံမြို့နယ် တွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်စဥ် (၁) ကြိမ် ဖြစ်ပွားခဲ့သည်။
မွန်နှင့် တောင်ပိုင်းဒေသအတွင်းမြို့နယ်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ စုစုပေါင်းလက်နက်ကြီးပစ်ခတ်မှု (၁၇) ကြိမ်၊ ဒရုန်းစစ်ဆင်ရေး (၅) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်နှင့် မြေမြှုပ်မိုင်း (၁) ကြိမ်တို့ ဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် စုစုပေါင်း အရပ်သား (၁၈) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁၁) ဦး အသက်ဆုံးရှုံးခဲ့ရသည်။

အရပ်သားများ ဖမ်းဆီးခံရမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အရေအတွက်များ
ဘီးလင်းမြို့နယ်: ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဖမ်းဆီးခံရသူ (၉၆) ဦးရှိသည့်အနက် (၅၉) ဦးမှာ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန်ရှိသည့်အရပ်သား (၃၇) ဦးမှာ ဘီးလင်းမြို့မရဲစခန်း၊ အမှတ် (၈) ခြေလျင်တပ်ရင်းနှင့် ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) ဌာနချုပ်များသို့ လွှဲပြောင်းပို့ဆောင်ခြင်း ခံခဲ့ရသည်။
သထုံမြို့နယ်: စုစုပေါင်းအရပ်သား (၃၂) ဦး ဖမ်းဆီးခံရသည့်အနက် အမျိုးသားလူငယ် (၃၀) ဦးမှာ စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ စစ်သားစုဆောင်းခြင်း ခံခဲ့ရပြီး၊ ကျန်အမျိုးသမီး (၂) ဦးမှာမူ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုခြင်း ခံထားရသည်။
ရေဖြူမြို့နယ်: ဖမ်းဆီးခံရသူ (၁၉) ဦးအထိရှိပြီး၊ ထိန်ကြီးကျေးရွာပြင်ပရှိ အဖမ်းခံရသော ဒေသခံအရပ်သား (၅) ဦးမှာ အာဏာသိမ်းတပ်စစ်ကြောင်း၏ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရကာ ယနေ့တိုင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
ကော့ကရိတ်မြို့နယ်: ကော့ဖန်ကျေးရွာသား အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၈) ဦးတို့သည် နေရပ်ပြန်ရာလမ်းခရီးတွင် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
ရေးမြို့နယ်: ဖမ်းဆီးခံရသော ပရံလုပ်သားလူငယ် (၄) ဦးမှာ တစ်ဦးလျှင် ငွေကျပ် သိန်း (၅၀) စီဖြင့် ပြန်လည်ရွေးချယ်ခဲ့ရပြီးမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်အရေအတွက်များ
ဒီဇင်ဘာလအတွင်း အရှိန်မြင့်လာသော စစ်ရေးပဋိပက္ခများကြောင့် ရေဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့အိုးအိမ် အနည်းဆုံး (၂) လုံး ဆုံးရှုံးခဲ့ရသည်။ အလားတူ ဘီးလင်းမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စာသင်ကျောင်း အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျိုက်ထိုမြို့နယ်တွင်လည်း ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ဆိုင်ကယ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့သည်။ ဘားအံမြို့နယ်ရှိ ဂျိုင်းမြစ်အတွင်း၌လည်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားသုံးလှေတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။ ဤကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ မွန်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ သိသိသာသာ တိုးမြင့်လာရာ ဘီးလင်းမြို့နယ်မှ ဒေသခံ (၂,၀၀၀) ခန့်နှင့် ကျိုက်ထိုမြို့နယ်မှ ဒေသခံ (၃,၀၀၀) ကျော်၊ စုစုပေါင်း ပြည်သူ (၅,၀၀၀) ခန့်မှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေရကြောင်း လေ့လာသိရှိရသည်။


ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။

