ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ် (အတွဲ-၁ ၊ အမှတ်-၁)

0

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) မှ ထုတ်ဝေသည့် ပထမဆုံးသော “ဖက်ဒရယ်ဒီမိုကရေစီ သုတေသနဂျာနယ်” ကို စာဖတ်ပရိသတ်များထံ ဂုဏ်ယူစွာ မိတ်ဆက်လိုက်ရပါသည်။ ယခုဂျာနယ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်သော စိန်ခေါ်မှုများကို ပညာရပ်ဆိုင်ရာ ရှုထောင့်မှနေ၍ လေးလေးနက်နက် သုံးသပ်ထားသည့် ပညာရှင်များ၏ စာတမ်းများကို ပထမဆုံးအကြိမ် စုစည်း ထုတ်ဝေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများက အရှိန်အဟုန်ပြင်းစွာ ဖြစ်ပေါ်နေချိန်တွင် မှန်ကန်တိကျသော အချက်အလက်နှင့် ပညာရပ်ဆိုင်ရာဆန်းစစ်မှုများက အနာဂတ်နိုင်ငံတော်အတွက် အရေးပါသော လမ်းပြမြေပုံများ ဖြစ်လာနိုင်သည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရေးဆိုင်ရာ အရေးကြီးသည့်အကြောင်းအရာများကို အလေးထား သုတေသနပြုလုပ်ကာ ပညာရှင်များ၏ သုတေသနဆောင်းပါးများဖြင့် ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ်ကို စတင်ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။

ပထမဆုံးထုတ်ဝေသည့် ယခုဂျာနယ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ဆက်စပ်သည့် အရေးပါသော အကြောင်းအရာများဖြစ်သည့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အချုပ်အခြာအာဏာဆိုင်ရာ အပြောင်းအလဲများကို အလေးထားဆန်းစစ်ထားသော စာတမ်းများ ပါဝင်ပါသည်။ ထို့ပြင် အနာဂတ်ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်များ၏ မရှိမဖြစ်လိုအပ်သော အရည်အသွေးစံနှုန်းများနှင့် ပတ်သက်ပြီး သုံးသပ်ထားသည့် စာတမ်းများ၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် လက်ရှိ မြန်မာ့လက်နက်ကိုင်အင်အားစုများ၏ အခင်းအကျင်းကို ပိုင်းခြားစိတ်ဖြာထားသည့် စာတမ်းများလည်း ပါဝင်ပါသည်။ အထူးခြားဆုံးအနေဖြင့် မွန်အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှုနှင့် ၎င်းတို့၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍအပြင် ကျား-မ တန်းတူညီမျှရေးအတွက် ကြိုးပမ်းမှုများကိုပါ တင်ပြထားသော စာတမ်းများဖြင့် ဤဂျာနယ်ကို ပြည့်စုံအောင် စီစဉ်ထားပါသည်။

ဤသုတေသနဂျာနယ်သည် ပြောင်းလဲနေသည့် နိုင်ငံရေးအခြေအနေများကို လေးနက်စွာ လေ့လာလိုသူများ၊ အသိပညာ ဗဟုသုတ တိုးပွားလိုသူများအတွက် အဖိုးတန်သည့် မှတ်တမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။

လေးစားစွာဖြင့်၊

အယ်ဒီတာအဖွဲ့

ဖက်ဒရယ်ဒီမိုကရေစီသုတေသနဂျာနယ်

Share.

About Author

Leave a Reply