ပေါက်ဖော် တော်ကောက်လိုက်သည့် မြန်မာစစ်အစိုးရ

ပေါက်ဖော် တော်ကောက်လိုက်သည့် မြန်မာစစ်အစိုးရ

နိဒါန်း

(၂၀၂၆) ခုနှစ် ဧပြီလ (၁၅) ရက်နေ့မှ မေလလယ်ကာလအတွင်း မြန်မာ့အရေးအပေါ် တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံသည် မျှော်လင့်မထားလောက်အောင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ယခင်က “ခပ်ခွာခွာ စောင့်ကြည့်လေ့လာသူ” အဖြစ် ဟန်ဆောင်ခဲ့သော ပေကျင်းသည် ယခုအခါ စစ်အာဏာရှင်အစိုးရ၏ တရားဝင်မှုကို ဗြောင်ကျကျ ဖေးမထောက်ခံသည့် အဆင့်သို့ ကူးပြောင်းလာသည်။ ဥရောပသမဂ္ဂ (EU) နှင့် အာဆီယံခေါင်းဆောင်အချို့က စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ဥပဒေကြောင်းအရ ဖိအားပေးရန် ပြင်ဆင်နေချိန်မှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ (၂၅) ရက်၌ နေပြည်တော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့သည်။[1] ဤခရီးစဉ်သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် တရုတ်၏ ကိုယ်ကျိုးစီးပွားအတွက် စစ်အစိုးရကို ဆက်လက် ကျောထောက်နောက်ခံပြုမည်ဟူသော တရုတ်၏ ပြတ်သားသည့် သတင်းစကားပင်ဖြစ်သည်။ အဆိုပါဖြစ်စဥ်ကို လေ့လာကြည့်ရာတွင် စစ်အာဏာရှင်အစိုးရ ကြုံတွေ့နေရသည့် နိုင်ငံတကာ ဖိအားနှင့် အထီးကျန်မှုများကို ကျော်လွှားနိုင်ရန် တရုတ်နိုင်ငံက ၎င်းတို့၏ “ပေါက်ဖော်” ဆက်ဆံရေးကို အသုံးချ၍ မည်ကဲ့သို့ ကူညီထောက်ပံ့ပေးနေသည်ကို လေ့လာတင်ပြထားသည်။

အဆင့်မြင့် သံတမန်ရေးရာ ကျောက်ချရပ်တည်မှု – ဝမ်ယိ၏ ခရီးစဉ်

ဤသုံးသပ်ချက်စာတမ်းတွင် အဓိကထား မီးမောင်းထိုးပြလိုသည့် အဓိကမဏ္ဍိုင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့၏ ထိပ်သီးတွေ့ဆုံမှုပင် ဖြစ်သည်။ ဤခရီးစဉ်သည် ပုံမှန်သံတမန်ရေးရာ အလည်အပတ် သက်သက်လုံးဝမဟုတ်ဘဲ၊ (၂၀၂၅) နှောင်းပိုင်းမှ (၂၀၂၆) ခုနှစ်အစောပိုင်းအတွင်း ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ထွက်လာသော နေပြည်တော် စစ်အစိုးရသစ်ကို ပေကျင်းက “တရားဝင်အစိုးရ” အဖြစ် ဗြောင်ကျကျ ဖေးမကာ နိုင်ငံရေးအရ အကာအကွယ်ပေးလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန (FMPRC) ၏ တရားဝင်ထုတ်ပြန်ချက်တွင်မူ အဆိုပါဆွေးနွေးပွဲများသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အမျိုးသားရေး အခြေအနေများနှင့် ကိုက်ညီသော တည်ငြိမ်ရေးလမ်းစကို ရှာဖွေရန်ဟု ဆိုကာ သံတမန်ရေးရာ ဝေါဟာရများဖြင့် ဖုံးဖိထားသည်။[2] နေပြည်တော်တွင် ဤဆွေးနွေးပွဲများကို ကျင်းပခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုအား အပြုသဘောဆောင်သည့် ထောက်ခံမှုကို ပေးအပ်ခဲ့သည်ဟု ရှုမြင်နိုင်သည်။ အထူးသဖြင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်သော “ခိုင်မာစွာ ထောက်ခံအားပေးချက် ၃ ရပ်” အရ “မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး လူထုက ထောက်ခံအားပေးသည့် အောင်မြင်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အတိုင်း လျှောက်လှမ်းနိုင်ရန် ခိုင်မာစွာ ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်ရန် ခိုင်မာစွာ ထောက်ခံအားပေးခြင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံတော်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးတို့ကို ဖော်ဆောင်နိုင်ရန် ခိုင်မာစွာ ထောက်ခံအားပေးခြင်း”[3] တို့ဆိုသည့် စကားရပ်မှာ သံတမန်ရေးရာ စကားဝှက်အရ ပြည်ပစွက်ဖက်မှုနှင့် နိုင်ငံတကာ စစ်ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ပေကျင်းက သံတမန်ရေးရာဒိုင်းလွှာအဖြစ် အသုံးချကာ အကာအကွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။[4]

 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)ကို အရှိန်မြှင့်တင်၍ ပေကျင်းက အမြတ်ထုတ်လာခြင်း

ထပ်မံမီးမောင်းထိုးလိုသည့် ဒုတိယအချက်မှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို လက်တွေ့ကျကျ ပြန်လည်အသက်သွင်းရန် စစ်ကောင်စီနှင့် အပေးအယူလုပ်လာသည့် ကိစ္စဖြစ်သည်။ ဧပြီလ (၂၅) ရက်နေ့က ပြုလုပ်ခဲ့သော နေပြည်တော်ထိပ်သီး အစည်းအဝေးများအတွင်း နိုင်ငံနှစ်ခုစလုံးသည် ယခင်က ဝေဝေဝါးဝါး ကတိကဝတ်ပြုရုံ ဇာတ်ကွက်မှသည် ခိုင်မာသော စီမံကိန်း အချိန်ဇယားများ ချမှတ်ကာ လက်တွေ့ အကောင်အထည်ဖော်မည့် လမ်းကြောင်းဆီသို့ ကူးပြောင်းလာခဲ့ကြသည်။ အ၎င်းတို့၏ အဓိကမျက်နှာစာမှာ ပေကျင်းအတွက် အသက်သွေးကြောဖြစ်သော မဟာဗျူဟာမြောက် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုများအပေါ်တွင်သာ အလေးသာနေသည်။

အာဏာသိမ်း စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာများတွင်မူ ပြည်တွင်းမတည်ငြိမ်မှုများကြောင့် နှစ်ရှည်လများ ရပ်တန့်နေခဲ့သော စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများနှင့် စီမံကိန်းအချို့ကို အရှိန်မြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြသည်ဟု ရိုးရိုးရှင်းရှင်း ဖော်ပြထားသည်။ အမှန်စင်စစ်တွင် ပြည်သူလူထုက တစိုက်မတ်မတ် ကန့်ကွက်ထားသည့် မြစ်ဆုံစီမံကိန်းနှင့် တရုတ်၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် မန္တလေး-မူဆယ်-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းများကို စစ်ကောင်စီက ၎င်း၏ အာဏာတည်မြဲရေးအတွက် လဲလှယ်ရန် အဓိက အချက်အချာများအဖြစ် တကျော့ပြန် ကမ်းလှမ်းလာခြင်း ဖြစ်သည်။[5]

ဝမ်ယိ၏ ခရီးစဉ်သည် မြန်မာ့အကျပ်အတည်းအပေါ် ပေကျင်း၏ သဘောထားကို ထင်ထင်ရှားရှား ပြသလိုက်သည်ဟု သုံးသပ်နိုင်သည်။ အကြောင်းအရင်းမှာ ပြည်တွင်းပဋိပက္ခများ ရှိနေသော်လည်း တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ အကြီးစားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်အတွက် လက်ရှိ စစ်အုပ်စုကိုသာ “အသုံးတော်ခံမည့်/ ယုံကြည်စိတ်ချရသော မိတ်ဖက်” အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတကာကို ဗြောင်ကျကျ အချက်ပြလိုက်ခြင်း ဖြစ်သည်။

နယ်စပ်တည်ငြိမ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ လျှော့ချရေး

တတိယအချက်အနေဖြင့် နှစ်နိုင်ငံလုံးတွင် ရှိနေသည့် လက်တွေ့ကျသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများနှင့် ပေကျင်း၏ ဖိအားပေးမှုများကို မီးမောင်းထိုးပြထားသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များနှင့် အွန်လိုင်းလိမ်လည်မှုများ အပါအဝင် နယ်စပ်တစ်လျှောက် တရားမဝင် ရာဇဝတ်မှုများ တရုတ်မြေထဲ စိမ့်ဝင်လာမှုအပေါ် ပေကျင်းအစိုးရက ပိုမိုစိုးရိမ်ပူပန်လာခဲ့သည်။

နေပြည်တော်တွေ့ဆုံမှုများအတွင်း ဝမ်ယိသည် သံတမန်ရေးရာ ကာကွယ်မှုပေးရေးအတွက် ကြိုတင်သတ်မှတ်ချက်တစ်ခုအဖြစ် အဆိုပါ နယ်စပ်ရာဇဝတ်ဂိုဏ်းများကို အမြစ်ပြတ် အရှိန်မြှင့်နှိမ်နင်းရန် မြန်မာစစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် သတိပေးတိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံ၏ သံတမန်ရေးရာ ကာကွယ်မှုပေးခြင်းကို တုံ့ပြန်သောအားဖြင့် မြန်မာစစ်အုပ်စုက နယ်စပ်စီမံခန့်ခွဲမှုနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရာတွင် တရုတ်အလိုကျ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ချက်ချင်း ကတိပြုခဲ့သည်။[6]

ထို့အပြင် ဧပြီ (၂၅) ရက် တွေ့ဆုံမှုအတွင်း “မြန်မာနိုင်ငံအနေဖြင့် မြန်မာ့နယ်နိမိတ်အတွင်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနှင့် စီမံကိန်းများ၏ ဘေးကင်းလုံခြုံရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဤ “တရားဝင်မှုအတွက် လုံခြုံရေးလဲလှယ်ခြင်း” (Security-for-Legitimacy) မဟာဗျူဟာမြောက် အပြန်အလှန် အပေးအယူသည် လက်ရှိ ပထဝီနိုင်ငံရေး ဆွေးနွေးမှုများ၏ ထူးခြားသော ဝိသေသတစ်ခု ဖြစ်လာသည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ ထောက်ခံမှုဟူသည် အလကားမရဘဲ၊ မြန်မာပြည်တွင်း ဒုစရိုက်နှင့် ပဋိပက္ခများ တရုတ်နယ်မြေအတွင်းသို့ စိမ့်ဝင်မလာအောင် တားဆီးနိုင်မည့် စစ်အုပ်စု၏ အသုံးတော်ခံနိုင်မှုအပေါ်၌သာ လုံးလုံးလျားလျား မူတည်နေခြင်း ဖြစ်သည်။

 

 အသိအမှတ်ပြုခံရမှုအတွက် ပေးဆပ်ရသည့် တန်ဖိုး

၂၀၂၆ ခုနှစ်အတွင်း မြင်တွေ့နေရသည့် တရုတ်-မြန်မာ “ပေါက်ဖော်” ဆက်ဆံရေးသည် ရိုးရာချစ်ကြည်ရေး မျက်နှာဖုံးအောက်မှ ကြိုတင်တွက်ချက်ထားသော ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အပေးအယူသာ ဖြစ်သည်။ ပေကျင်းက ၎င်း၏ ထိပ်တန်းသံတမန်ကို နေပြည်တော်သို့ စေလွှတ်လိုက်ခြင်းသည် တရုတ်၏ ရေရှည်မဟာဗျူဟာမြောက် စီမံကိန်းများနှင့် ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန်အတွက် စစ်အုပ်စုသည်သာ စွမ်းဆောင်နိုင်သည့် အဖွဲ့အစည်းဖြစ်သည်ဟု တရုတ်နိုင်ငံက ဆုံးဖြတ်လိုက်ခြင်းကို ပြသနေသည်။

အထူးသဖြင့် “အချုပ်အခြာအာဏာ” နှင့် “အမျိုးသားလုံခြုံရေး” ဟူသော သံတမန်ရေးရာ စကားလုံးများကို အသုံးချခြင်းဖြင့် တရုတ်သည် ဖိလစ်ပိုင်ဦးဆောင်သည့် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် အနောက်အုပ်စုက တွန်းအားပေးနေသော “စစ်ရာဇဝတ်မှု” ဆိုင်ရာ အရေးယူမှုများမှ ခုခံကာကွယ်ရန် ဥပဒေကြောင်းအရ ခံတပ်တစ်ခု တည်ဆောက်ပေးလိုက်ခြင်း ဖြစ်သည်။  ဤအကွက်ရွှေ့မှုသည် တရုတ်နိုင်ငံအတွက် စွန့်စားမှု အလွန်ကြီးမားသည့် လောင်းကစားတစ်ခု ဖြစ်လာနိုင်သည်။

မြန်မာစစ်အစိုးရဘက်မှ ဗြောင်ကျကျ ရပ်တည်ပေးခြင်းဖြင့် တရုတ်နိုင်ငံသည် မြန်မာလူထု၏ စွန့်ပယ်မှုကို ခံရနိုင်ခြေရှိပြီး တော်လှန်ရေးအင်အားစုများအကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပိုမိုမီးထိုးပေးသကဲ့သို့ ဖြစ်စေနိုင်သည်။ ရလဒ်အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာပြည်သူလူထု လိုလားသည့် “ဒီမိုကရေစီနည်းကျ တရားဝင်မှု” ကို မျက်ကွယ်ပြုကာ၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် “မည်သည့်တန်ဖိုး ပေးရသည်ဖြစ်စေ စစ်အုပ်စုဖော်ဆောင်သည့် ပြည်တွင်းရေး” ကိုသာ ရွေးချယ်လောင်းကြေးထပ်လိုက်ခြင်း ဖြစ်ကြောင်း သုံးသပ်နိုင်သည်။

 

နိဂုံး

တရုတ်အစိုးရနှင့် အာဏာသိမ်း မြန်မာ့စစ်အစိုးရတို့ မဟာမိတ်ဆက်ဆံရေး တကျော့ပြန်အားကောင်းလာခြင်းသည် အနောက်နိုင်ငံများ၏ သံတမန်ရေးရာ အထီးကျန်စေမှု မဟာဗျူဟာအပေါ် သက်ရောက်မှုရှိစေသည့် အဓိက အသက်သွေးကြောတစ်ခု ဖြစ်လာသည်။ ဤအခြေအနေကို တုံ့ပြန်ရန်အတွက် မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခသက်သက် မဟုတ်တော့ဘဲ တရုတ်နိုင်ငံ၏ ပထဝီမဟာဗျူဟာမြောက် တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနယ်ချဲ့ (သို့မဟုတ်) နယ်မြေချဲ့ထွင်မှုတွင် အဓိကကျသော နေရာတစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြုရန် လိုအပ်သည်။ အထူးသဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အပါအဝင် ဒေသတွင်း အင်အားစုများအနေဖြင့် တရုတ်နိုင်ငံ၏ ပိုးလမ်းမ (BRI) စီမံကိန်းများသည် မြန်မာနိုင်ငံတွင် စစ်မှန်သော အရပ်သားအုပ်ချုပ်ရေး ပြန်လည်ရရှိရန် ရေရှည် အတားအဆီးတစ်ခု ဖြစ်မလာစေရေးအတွက် “ဒေသတွင်း တည်ငြိမ်ရေး” ဆိုသည့် ကိစ္စရပ်အပေါ် တရုတ်နိုင်ငံနှင့် ထိတွေ့ဆက်ဆံမည့် မူဝါဒလမ်းကြောင်းများကိုရှာဖွေဖော်ထုတ်ရန် အကြံပြုအပ်ပါသည်။

 

[1]Radio Free Asia (Burmese), April 22, 2026: တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံလာမည်. https://www.rfa.org/burmese/news/2026/04/22/myanmar-military-china-foreign-minister-wang-yi-naypyidaw/

 

[2] Ministry of Foreign Affairs of the People’s Republic of China (FMPRC), April 27, 2026: Myanmar’s President Min Aung Hlaing Meets with Wang Yi. https://www.fmprc.gov.cn/eng/wjbzhd/202604/t20260427_11900281.html

[3] Chinese Embassy in Myanmar, April 26, 2026: မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး  Mr. Wang Yi အားတွေ့ဆုံ။ https://www.facebook.com/share/p/1CR8Y4yWEh/

[4] Radio Free Asia (Burmese), April 27, 2026: မြန်မာအချုပ်အခြာနဲ့ အမျိုးသားလုံခြုံရေး ခိုင်ခိုင်မာမာထောက်ခံဟု ဝမ်ယိပြော. https://www.rfa.org/burmese/news/2026/04/27/myanmar-military-china-foreign-minister-wang-yi-visit/

[5] The Irrawaddy, April 27, 2026: Wang Yi Reaffirms China’s Backing for Myanmar Regime in Naypyitaw Visit. https://www.irrawaddy.com/news/myanmar-china-watch/wang-yi-reaffirms-chinas-backing-for-myanmar-regime-in-naypyitaw-visit.html

 

[6] Ministry of Foreign Affairs of Myanmar, April 25, 2026. Foreign Ministers of Myanmar and China held Bilateral Meeting (25-4-2026, Nay Pyi Taw). https://www.mofa.gov.mm/en/foreign-ministers-of-myanmar-and-china-held-bilateral-meeting-25-4-2026nay-pyi-taw/

Comments

No comments yet. Why don’t you start the discussion?

Leave a Reply