ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)

0

ပြည်ထောင်စုသဘောတူစာချုပ်

အစိတ်အပိုင်း (၁)

၁။      ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအား နေပြည်တော်၌ ၂၀၁၇ ခုနှစ် မေလ (၂၄) မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။      ဤညီလာခံကြီးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကအဆိုပြု တင်သွင်းလာသော မူဝါဒ အဆိုပြုချက်များအပေါ် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက်ဆွေးနွေးပွဲများကို အဆင့်ဆင့်ကျင်းပပြုလုပ်ပြီး ရရှိလာသော အဆိုပြုချက်များကို ပြည်ထောင်စုအဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် သဘောတူညီမှု ရရှိခဲ့ပါသည်။

၃။      ဤညီလာခံကြီးတွင် သဘောတူလက်မှတ်ရေးထိုးသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁)နှင့် ဆက်လက်ဆွေးနွေးပြီး အဆင့်ဆင့်ရရှိလာမည့် သဘောတူညီချက် အစိတ်အပိုင်းအားလုံးကို စုစည်း၍ ပြည်ထောင်စုသဘောတူညီစာချုပ်အဖြစ် လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။

၄။      ဤညီလာခံကြီးတွင် ချုပ်ဆိုသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၁)မှာ-

(က)         နိုင်ငံရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၂) ချက်၊

(ခ)          စီးပွားရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၁၁) ချက်၊

(ဂ)          လူမှုရေးကဏ္ဍ မူဝါဒသဘောတူညီချက် (၄) ချက်၊

(ဃ)         မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ မူဝါဒသဘောတူညီချက် (၁၀) ချက်၊ စုစုပေါင်း (၃၇)      ချက်ဖြစ်ပြီး နောက်ဆက်တွဲ-(က)(ခ)(ဂ)(ဃ) ဖြင့် ဖော်ပြပါသည်။

၅။      အထက်ပါ သဘောတူညီချက်များကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အပိုင်း ၂၀ (င) အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ဤပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် အစုဖွဲ့အသီးသီး၏ ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ်ရေးထိုးကြပါသည်။

 

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁) ၏ စာမျက်နှာ (၂)

၁။      ဒေါက်တာတင်မျိုးဝင်း                                                            ………………………………………..

အစိုးရအစုအဖွဲ့ကိုယ်စားလှယ်

၂။      ဦးထွန်းထွန်းဟိန်                                                                   …………………………………………

လွှတ်တော်အစုအဖွဲ့ကိုယ်စားလှယ်

၃။      ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်း                                            ………………………………………..

တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ်

၄။      ပဒိုစောကွယ်ထူးဝင်း                                                              …………………………………………

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

အစုအဖွဲ့ကိုယ်စားလှယ်

၅။      ဦးသုဝေ                                                                               …………………………………………

နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ်

 

 

ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း (၁) ၏ စာမျက်နှာ(၃)

အသိသက်သေများ

 

(ဦးထုံဖူးဒဂုဏ်)                                                                              (ဦးကျော်ဝင်း)

တိုင်းရင်းသားကိုယ်စားလှယ်                                                ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ်

အစိုးရအစုအဖွဲ့                                                                            အစိုးရအစုအဖွဲ့

 

(သိက္ခာတော်ရဆရာတော်တလွန်ကျဲအို)                                                (ခွန်သန်းမြင့်)

ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ်                           ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ                        တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

အစုအဖွဲ့                                                                           အစုအဖွဲ့

 

(ဦးထွန်းအောင်ကျော်)                                                                      (မိုင်းထွန်းမြိုင်)

တိုင်းရင်းသားကိုယ်စားလှယ်                                               ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ်

နိုင်ငံရေးပါတီများအစုအဖွဲ့                                                          နိုင်ငံရေးပါတီများအစုအဖွဲ့

 

 

နောက်ဆက်တွဲ(က)            

နိုင်ငံရေးကဏ္ဍမူပါဒ သဘောတူညီချက်

(၂၀၁၇ ခုနှစ်၊ မေလ ၂၉)

 

ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူများ

၁။      အချုပ်အခြာအဏာ။           နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး၌ တည်သည်။

၂။      အချုပ်အခြာအာဏာကျင့်သုံးမှု။        နိုင်ငံတော်အချုပ်အခြာအာဏာ၏ မဏ္ဍိုင် (၃) ရပ်ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားကျင့်သုံးခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုရမည်။

၃။      တန်းတူရေး။          တိုင်းရင်းသားလူမျိုးတိုငျးသည် နိုင်ငံရေးအရဖြစ်စေ၊ လူမျိုးရေးအရဖြစ်စေ၊ တန်းတူ ရည်တူ အခွင့်အရေး ရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းကာကွယ်မြှင့်တင်ခွင့် ရှိရမည်။

၄။      ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့်အာဏာခွဲဝေမှု)

(က)         နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ်ဖွဲ့စည်းရမည်။

(ခ)          ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို တိုင်းဒေသကြီး/ ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။

မှတ်ချက်။          တိုင်းဒေသကြီး/ပြည်နယ်များသည် အခွင့်အာဏာတန်းတူရှိရမည်။  အမည်နာမ သတ်မှတ်ချက်နှင့် ပတ်သက်၍ နောင်တွင် ဆက်လက် ဆွေးနွေးမည်။

(ဂ)          ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို တိုင်းရင်းသားလူမျိုးများ၏ အမည်ဖြင့် ဖွဲ့စည်းရမည်။

(ဃ)         နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ(၃)ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ (၃) ရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ      တိုင်း/ဒေသများသို့ ခွဲဝေအပ်နှင်းမည်။   ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ် များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများအကြား ဥပဒေပြုရေး ဆိုင်ရာ အာဏာများနှင့် ပူးတွဲအာဏာများကို နိုင်ငံတော်ဖွဲ့အစည်းပုံအခြေခံဥပဒေက ခွဲဝေအပ်နှင်းပေးရမည်။

(င)          တိုင်းဒေသကြီး/ပြည်နယ်များကိုဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတည်းဟူသော အာဏာ(၃)ရပ်စလုံးကို အပ်နှင်းစေရမည်။ ဥပဒေပြုရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်၊ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရနှင့် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်ချုပ်တို့ကို ထူထောင်ခွင့် ရှိစေရမည်။

(စ)          ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများသည် ကောက်ခံရရှိထားသော အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းမြစ်များကို ဥပဒေနှင့်အညီ မျှဝေခံစား ခွင့်ရှိစေရမည်။

(ဆ)         ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အကြားသော်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အချင်းချင်းကြားတွင် သော်လည်းကောင်း၊ ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ အငြားပွားမှုများကို ဖြေရှင်းရန်အတွက် သီးခြား လွတ်လပ်သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တည်ထောင်ထားရှိရမည်။

၅။      ပါတီစုံဒီမိုကရေစီစနစ်

(က)         ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။

(ခ)          လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။

 

 

နောက်ဆက်တွဲ(ခ)

စီးပွားရေးကဏ္ဍမူဝါဒ သဘောတူညီချက်

(၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)

 

ဖက်ဒရယ်စနစ်စီးပွားရေးဆိုင်ရာအခြေခံမူများ

၁။      ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်ရေး

(က)   ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများက ခိုင်မာသည့် မူဝါဒ၊ ဥပဒေ၊    နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းရန်။

မှတ်ချက်။  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့များက မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းနိုင်သည့် ဥပဒေများ ပေါ်ပေါက်လာပါက ဆောင်ရွက်ရန် ဖြစ်သည်။

(ခ)    အဆိုပါမူဝါဒနှင့် ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို မြှင့်တင်ဖော်ဆောင်ရာတွင် လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ လူမှုစီးပွားဖွံ့ဖြိုးမှု ကွာဟချက်များ လျှော့ချနိုင်‌ရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးြိုးတက်ရေး (Sustainable Development) တို့ကို ဦးတည်ဆောင်ရွက်ရန်။

(ဂ)    ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမည့် စီပွားရေးလုပ်ဆောင်မှုများကို ဥပဒေနှင့်အညီ တားဆီးကာကွယ်ရန်။

၂။      လူတစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့တစ်ခုကဖြစ်စေ စီးပွားရေး လက်ဝါးကြီးအုပ်ဆောင်ရွက်မှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်။

၃။      ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသအသီးသီးတို့တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တန်တူညီမျှသော အခွင့်အလမ်းများ ရရှိရေး ထိရောက်စွာ ဆောင်ရွက်ရန်။

၄။      ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ဘဏ္ဍာငွေနှင့် အခွန်ငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန်။

၅။      ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီး အဖွဲ့များအကြား စီးပွားရေးဆိုင်ရာ စီမမံခန့်ခွဲပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မျှတစွာ ခွဲဝေရန်။

၆။      နိုင်ငံတော်၏ ကာလတို၊ကာလလတ်၊ကာလရှည် စီးပွားရေးစီမံကိန်းများကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစွာဖြင့် ချမှတ်ဆောင်ရွက်ရန်။

ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံမူများ

၁။      လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအကြား ညှိနှိုင်းပူးပေါင်း၍ ဒေသဆိုင်ရာဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းများ (Regional Comprehensive Development Plans) ရေးဆွဲ အကောင်အထည်ဖော်ရန်။

မှတ်ချက်။             ပြည်ထောင်စုအစိုးရကချမှတ်သော မူဝါဒများနှင့်သော်လည်ကောင်း၊ ပြည်ထောင်စုဥပဒေများနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ ဆောင်ရွက်ရန်။

၂။      တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရန် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဥပဒေများနှင့်အညီ ဆီလျော်သင့်မြတ်သည့် ဆွဲဆောင်မှုရှိသော အစီအစဉ်များ ရေးဆွဲချမှတ် အကောင်ထည်ဖော်ရန်။

 

 

နောက်ဆက်တွဲ(ဂ)

လူမူရေးကဏ္ဍမူဝါဒ သဘောတူညီချက်

(၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)

၁။      လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေး အန္တရာယ်များကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွင့်ရသူများကို ခွဲခြားဆက်ဆံမှု မရှိစေဘဲ နိုင်ငံတကာစံချိန်စံညွန်းများနှင့်ညီ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်နိုင်ရေး (Durable Solution) ကို ဦးတည်၍ စနစ်တကျ အစီအစဉ်များ ချမှတ်လုပ်ဆောင်ရန်။

၂။      လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်းကောင်း၊ လူတို့၏ ပြုမူဆောင်ရွက်မှုနှင့် သဘာဝဘေးအန္တ ရယ်များကြောင့်လည်းကောင်း ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာရသူများသည် မိမိနေရပ်နှင့် မိမိသွား  ရောက်လိုရာ အခြားဒေသသို့ လူဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာအခြေချ နေထိုင်နိုင်ရန်။

၃။      သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုးရေး၊ ဘာသာရေး၊ ဆင်းရဲ၊ ချမ်းသာ စသည်ဖြင့်ခွဲခြားမှု မရှိဘဲထိရောက်စွာ ကာကွယ် စောင့်ရှောက်ရန်နှင့် လူမူဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်။

၄။      မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များကို အမျိုးသားရေးပြဿနာ၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပြဿနာအဖြစ် သတ်မှတ်၍ ထိရောက်စွာ တားဆီးကာကွယ်၊ တိုက်ဖျက်နိုင်ရေး အမျိုးသားရေးတာဝန်တစ် ရပ်အဖြစ် စီမံချက် ချမှတ်ဆောင်ရွက်ရန်။

 

 

နောက်ဆက်တွဲ(ဃ)

မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒ သဘောတူညီချက်

(၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်)

၁။      နိုင်ငံလုံးဆိုင်ရာ ဘက်ညီမျှတသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု မြေယာမူဝါဒ ဖြစ်စေရန်။

၂။      သင့်တော်မျှတ၍ တရားနည်းလမ်းကျမှုကို အခြေခံစေရန်။

၃။      ဗဟိုထိန်းချုပ်မှု လျှော့ချသည့် မူဝါဒများဖြစ်စေရန်။

၄။      မြေယာမူဝါဒရေးဆွဲရာတွင် လူ့အခွင့်အရေး စံနှုန်းများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စံ နှုန်းများကို ထည့်သွင်း စဉ်းစားရေးဆွဲရန်။

၅။      မြေယာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုနှင့်ရှင်းလင်းသည့် မူဝါဒများ ဖြစ်စေရန်။

၆။      လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် ဒေသခံများ၏ လိုလားချက်များကို ဦးစားပေး၍ တောင်သူလယ်သမားများ၏ အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်။

ပိုင်ဆိုင်ခွင့်

၇။     နိုင်ငံသားတိုင်းသည် မြေယာဥပဒေနှင့်အညီ မြေယာပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။ အမျိုးသမီးနှင့် အမျိုးသား တန်းတူညီမျှမှု ရှိရမည်။

စီမံခန့်ခွဲခွင့်

၈။     မြေယာပိုင်ဆိုင်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုပြုရာတွင် ဥပဒေနှင့်အညီ အမျိုးအမီးနှင့် အမျိုးသားအခွင့်အရေး တန်းတူညီမျှမှု ရှိစေရန်။

၉။      လုပ်ပိုင်ခွင့် ချထားပေးသော မြေယာကို မူလရည်ရွယ်ချက်အတိုင်း သတ်မှတ်ကာလအတွင်း လုပ်ကိုင်နိုင်ခြင်း မရှိလျှင် နိုင်ငံတော်က ပြန်လည်ရယူရန်နှင် အမှန်တကယ် လုပ်ကိုင်လိုသူများအား ပြန်လည်ချထားပေးရေးဆောင်ရွက်စေရန်။

အကာအကွယ်ပြုရေးဆိုင်ရာ အစီအမံများ

၁၀။   လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းဝင်အမွေအနှစ်နှင့် တိုင်းရင်းသားလူမျိုးများ အထွဋ်အမြတ်ထားသော မြေများ ထိခိုက်ပျက်စီးမှုများ မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်စောင့်ရှေက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရန်။

 

Download in PDF

Share.

About Author

Leave a Reply