လစဉ် မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ
( ၂၀၂၂ ဖေဖော်ဝါရီလ အတွင်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)
Rehmonnya Institute for Civic Engagement (RICE)
အကျဉ်းချုပ်
မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းများနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများသည် အားကောင်းလျက်ရှိပြီး နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။ အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီ၏ တပ်သားများနှင့် ရဲတပ်ဖွဲ့များ၏ မရေမတွက်နိုင်သည့် အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများမှ ရင်ဆိုင်ခဲ့ရသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရပြီး ယနေ့အထိ မတရားဖမ်းဆီးခဲ့ရသူ (၁) သောင်းနီးပါးအထိ ရှိသည်။ ၎င်းအပြင် Data for Myanmar အဖွဲ့၏ ထုတ်ပြန်ထားသော အချက်အလက်များအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၂ ဖေဖော်ဝါရီ လ ၄ရက်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျေးရွာပေါင်း (၁၂၆) ရွာနှင့် နေအိမ်အလုံးပေါင်း (၃၃၇၉)လုံးအထိ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့အပြင် အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်တပ်အကြား စစ်ရေးတင်းမာမှု အရှိန်အဟုန်များသည် မြင့်မားလျက်ရှိပြီး စစ်တပ်ဘက်မှ လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်မှုများနှင့်အတူ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို လုယက်ခြင်း၊ ဖျက်ဆီးခြင်း စသည့် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရပေသည်။ ၎င်းအပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး မဏ္ဍိုင်များ မလည်ပတ်နိုင်အောင် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် စစ်တပ်သတင်းပေး ဒလံဟုဆိုသူများကို လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အစိုးရဌာနအသီးသီးက အဆောက်အဦးများကို ဗုံးခွဲတိုက်ခိုက်ခြင်းစသည့် လူ့အခွင့်အရေးနှင့်မညီညွတ်သော ယင်းလုပ် ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ကျူးလွန်လျက်ရှိသည်။ စစ်တပ်အာဏာ သိမ်းပြီးနောက် စစ်ဘေးဒဏ်ကြောင့် စစ်ဘေးရှောင်ဘဝသို့ ဆိုက်ရောက်သွားသည့် ပြည်သူသိန်းပေါင်းများစွာရှိသည်။ လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ပြိုလဲမှုဒဏ်ကို ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအသွင်သို့ ကူးပြောင်းလာသည့် တစ်နှစ်ကျော်ကြာရှိပြီးဖြစ်သော်လည်း စီးပွားရေးစနစ်များသည် ယနေ့အချိန်အထိ ယိုယွင်းပျက်စီးနေဆဲပင်ဖြစ်သည်။ စီးပွားရေးလုပ် ငန်းအများအပြား ရပ်တန့်သွားခြင်း၊ ပြည်တွင်း၊ပြည်ပကုန်သွယ်ရေးစနစ်များ ပျက်စီးသွားခြင်း ပြည်တွင်းမတည်ငြိမ်မှုများနှင့် မရေရာမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း စသည့်အကျိုးဆက်များ ရင်ဆိုင်ရပေသည်။ ထို့အပြင် ကုန်ဈေးနှုန်းများ အဆမတန်မြင့် တက်လာခြင်းကြောင့် အခြေခံလုပ်သား မိသားစုအများအပြား စားဝတ်နေရေးအခက်အခဲများ၊ အငတ်ဘေးဒဏ်များ ရင်ဆိုင်ကြုံတွေ့ရသည်။ စစ်ကောင်စီသည် ကမောက်ကမဖြစ်နေသည့် စီးပွားရေးစနစ်များနှင့် ကျန်းမာရေးစနစ်များကို ပြန်လည်မထိန်းသိမ်းနိုင်သေးပေ။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ် (၁၉) ရောဂါ ရိုက်ခတ်မှုလှိုင်းသစ်များ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရသည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကူးစက်မှုနှုန်းများ တဟုန်းထိုး မြင့်တက်လာသည်။ ၎င်းအပြင် အိုမိခရွန် ကိုဗစ်မျိုးပွားသစ်များ၏ ကူးစက်မှုများကို နိုင်ငံအတွင်းဒေသအချို့တွင် အလူးအလဲရင်ဆိုင်နေကြရသည်။ ထို့အပြင်စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုပြဿနာများ၊ အလုပ်လက်မဲ့ပြဿနာများ မြင့်တက်လာခြင်း နှင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်အခြေအနေများ တစ်နေ့တခြား ပိုမိုများပြားလာသည်ကို တွေ့ရသည်။