တတိယအကြိမ် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်း မွန်ညီညွတ်ရေးပါတီ (MUP) ဝန်ကြီးများ၏ အခန်းကဏ္ဍနှင့် စိန်ခေါ်မှုများအပေါ် လေ့လာဆန်းစစ်ချက်

တတိယအကြိမ် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်း မွန်ညီညွတ်ရေးပါတီ (MUP) ဝန်ကြီးများ၏ အခန်းကဏ္ဍနှင့် စိန်ခေါ်မှုများအပေါ် လေ့လာဆန်းစစ်ချက်

နိဒါန်း

အာဏာသိမ်း စစ်အုပ်စု၏ (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲအလွန် (၂၀၂၆) ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ကျင်းပသော တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်သည့် ပြည်နယ်အစိုးရအဖွဲ့သစ် ပေါ်ပေါက်လာပြီဖြစ်သည်။ ယ္ခင်အာဏာသိမ်း စစ်အုပ်စု၏ ပြည်နယ်အစိုးရနှင့် မခြားဟု ဆိုနိုင်သော်လည်း လက်တွေ့နိုင်ငံရေးအခင်းအကျင်းအရ မွန်ပြည်နယ်၏ အုပ်ချုပ်ရေးအဖွဲ့သစ်တစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်သည်။ ဤစာတမ်းသည် အစိုးရအဖွဲ့အတွင်း ပါဝင်လာသော မွန်ညီညွတ်ရေးပါတီ (MUP) မှ ဝန်ကြီးနှစ်ဦး၏ အခန်းကဏ္ဍ၊ ၎င်းတို့၏ စွမ်းဆောင်ရည် အလားအလာနှင့် စစ်ဘက်ဦးဆောင်မှုအောက်ရှိ အုပ်ချုပ်ရေးယန္တရားအတွင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို သုံးသပ်တင်ပြထားခြင်း ဖြစ်သည်။

တတိယအကြိမ် မွန်ပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းက ဦးဆောင်၍ စစ်ဘက်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ ဤဖွဲ့စည်းပုံသည် နိုင်ငံရေးအရ ကြည့်လျှင် “အင်အားစုသုံးရပ် ပေါင်းစပ်မှု” ပုံစံကို ဆောင်နေသော်လည်း လက်တွေ့တွင် စစ်အုပ်စုမှ အုပ်ချုပ်ရေးအာဏာကို အခိုင်အမာချုပ်ကိုင်ထားသည့် ယန္တရားတစ်ခု ဖြစ်သည်။

တိုင်းရင်းသားလူထု၏ ထောက်ခံမှုအင်အား အထိုက်အလျောက်ရှိသော မွန်ညီညွတ်ရေးပါတီ (MUP) ကိုယ်စားလှယ်များကို အစိုးရအဖွဲ့တွင် ထည့်သွင်းခြင်းမှာ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအင်အားစုများ၏ ပူးပေါင်းပါဝင်မှုကို ပြသလိုသည့် “နိုင်ငံရေးအရ ဟန်ပြပုံဖော်မှု” တစ်ခုဟု သုံးသပ်နိုင်သည်။ သို့သော် ဤသို့သော အုပ်ချုပ်ရေးပုံစံသည် ပြည်နယ်အတွင်းရှိ ရှုပ်ထွေးသော နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများကြားတွင် မည်မျှအထိ ထိရောက်သော အုပ်ချုပ်ရေးအပြောင်းအလဲကို ဖော်ဆောင်နိုင်မည်နည်းဟူသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ (ခ) နိုင်ခင်မောင်ဇင်

နိုင်လယိတမသည် မွန်ပြည်သစ်ပါတီ (NMSP) ၏ ခရိုင်အလုပ်အမှုဆောင်အဖြစ် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ယူခဲ့ဖူးသူဖြစ်သကဲ့သို့ မွန်ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် လက်ရှိ မွန်ညီညွတ်ရေးပါတီ (MUP) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူထားသည့် ဝါရင့်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။[1] ထို့အပြင် (၂၀၂၁) စစ်အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် မွန်ပြည်နယ် စီးပွါးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် စစ်အုပ်စုအလိုကျ တာဝန်ထမ်းဆောင်ခဲ့သည်။ သို့ဖြစ်ရာ ၎င်းသည် လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေးပါတီနှင့် ပြည်နယ်အစိုးရအဖွဲ့အထိ ဖြတ်သန်းမှုအတွေ့အကြုံများ ရှိခဲ့သည်ဖြစ်ရာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အထူးသဖြင့် မွန်လက်နက်ကိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အရေးပါသော အချိတ်အဆက်တစ်ခု ဖြစ်လာနိုင်သည်ကို တွေ့ရသည်။

အထူးသဖြင့် စစ်ခေါင်းဆောင်မှ ပေးအပ်ထားသော “ဝဏ္ဏကျော်ထင်” ဘွဲ့သည် နိုင်လယိတမအပေါ် ဗဟိုစစ်အစိုးရ၏ ယုံကြည်မှုကို ဖော်ပြနေသကဲ့သို့ တစ်ဖက်တွင်လည်း ၎င်းကဲ့သို့သော တိုင်းရင်းသားခေါင်းဆောင်များကို အုပ်ချုပ်ရေးယန္တရားအတွင်းသို့ စည်းရုံးသိမ်းသွင်းခြင်းဖြင့် အစိုးရအဖွဲ့၏ တရားဝင်မှုကို တည်ဆောက်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။[2]

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး၏ အခန်းကဏ္ဍ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီးဖြစ်လာသည့် မိလဝီဟန်သည် မွန်ပြည်သစ်ပါတီ (NMSP) လက်အောက်ခံ ပညာရေးဌာနနှင့် မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်အမှုဆောင်အဖြစ် လူမှုအဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှု အတွေ့အကြုံများ ရှိခဲ့သူဖြစ်သည်။[3] တစ်နည်းအားဖြင့် မွန်လူထုအကြား လူသိများသည့် အမျိုးသ္မီးခေါင်းဆောင်တစ်ဦးအဖြစ်လည်း မှတ်ယူနိုင်သည်။

ပုံမှန်အားဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည်

(က) ပြည်နယ်အတွင်းရှိ သယံဇာတ ထုတ်ယူသုံးစွဲမှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ခြင်း။

(ခ) သယံဇာတ စီမံခန့်ခွဲမှုတွင် နည်းပညာအခြေပြု မူဝါဒများ ချမှတ်ခြင်း။

(ဂ) လူမှုအဖွဲ့အစည်း အတွေ့အကြုံများကို အခြေခံ၍ ဒေသခံများ၏ သယံဇာတဆိုင်ရာ နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းခြင်း။ စသည်အချက်တို့ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။

ယခင်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်က စတင်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကဲ့သို့သော Mega Project များသည် ပြည်နယ်၏ ဂေဟစနစ်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် ကိစ္စရပ်များဖြစ်သည်။ စစ်အစိုးရအနေဖြင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်နှင့် စီးပွားရေးအကျိုးအမြတ်အတွက် ဤစီမံကိန်းများကို ဆက်လက်တွန်းအားပေးလာနိုင်ရာ မိလဝီဟန်အနေဖြင့် ဝန်ကြီးဌာန၏ “နည်းပညာအခြေပြု မူဝါဒများ” နှင့် ဗဟိုစစ်အစိုးရမှလာသော ဖိအားများကြားတွင် ကြီးမားသော လွန်ဆွဲမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံများသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေမည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်လေ့ရှိသည်။[4] မိလဝီဟန်အနေဖြင့် ပါတီနှင့် လူမှုအဖွဲ့အစည်း အတွေ့အကြုံများကို အခြေခံ၍ ဒေသခံများ၏ နစ်နာမှုများကို ကိုင်တွယ်ရန် တာဝန်ရှိသော်လည်း အစိုးရ၏ မူဝါဒကို အကောင်အထည်ဖော်ရမည့် ဝန်ကြီးတစ်ဦးအနေဖြင့် ရပ်တည်ရသည့်အခါ ဒေသခံလူထုနှင့် တိုက်ရိုက် အတိုက်အခံ ဖြစ်လာနိုင်သည်။

 

MUP ဝန်ကြီးတို့ ကြုံတွေ့လာနိုင်သည့် အဓိကစိန်ခေါ်မှုများ

စက်သုံးဆီ အကျပ်အတည်းမှာ လက်ရှိတွင် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခု ဖြစ်သည်။ ရာမညအင်စတီကျူ လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန (RICE) ၏ အချက်အလက်များအရ (၈၈) ရာခိုင်နှုန်းသော ဒေသခံများသည် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲနေပြီး (၁၁) ရာခိုင်နှုန်းမှာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။[5] အစိုးရ၏ “စုံ/မ စနစ်” နှင့် ခွဲတမ်းသတ်မှတ်ချက်များမှာ မြေပြင်တွင် အလုပ်မဖြစ်ဘဲ ဆီဆိုင်များကလည်း ညွှန်ကြားချက်ကို လိုက်နာမှု အားနည်းနေသည်။ ဤသည်မှာ ဝန်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ဩဇာအာဏာအပေါ် ပြည်သူများက ယုံကြည်မှုလျော့နည်းစေသည့် “နမူနာပြ အချက်” တစ်ခု ဖြစ်သည်။

တတိယအကြိမ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အရေးပါသော ဝန်ကြီးချုပ်နှင့် ဝန်ကြီးနေရာများကို စစ်အုပ်စုမှ ရယူထားသဖြင့် “စစ်ဘက်ဦးဆောင်မှုအောက်ရှိ အုပ်ချုပ်ရေးယန္တရား” အတွင်း အရပ်သားဝန်ကြီးများအနေဖြင့် ကိုယ်ပိုင်မူဝါဒ ချမှတ်နိုင်ခွင့်နှင့် အမှီအခိုကင်းစွာ ဆုံးဖြတ်နိုင်ခွင့် အတိုင်းအတာ (Policy Space) အလွန်ကျဉ်းမြောင်းနေခြင်းသည်လည်း (MUP) ဝန်ကြီးများအတွက် စိန်ခေါ်မှု ဖြစ်သည်။

ထို့အပြင် ပြည်သူများ၏ နေ့စဉ်လူမှုစီးပွား အကျပ်အတည်းကို ထိရောက်စွာ မဖြေရှင်းနိုင်ပါက တိုင်းရင်းသားပါတီမှ ဝန်ကြီးများ၏ နိုင်ငံရေးပုံရိပ်မှာ စစ်အစိုးရယန္တရားအတွင်းရှိ အစေခံများအဖြစ်သာ အများ၏ ရှုမြင်မှုကို ခံရဖွယ်ရှိသည်။

 

နိဂုံး

နိဂုံးချုပ်အားဖြင့် တတိယအကြိမ် မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ညီညွတ်ရေးပါတီ (MUP) ဝန်ကြီးနှစ်ဦး ပါဝင်လာခြင်းသည် ၎င်းတို့၏ ပါတီနိုင်ငံရေးနှင့် အုပ်ချုပ်ရေးအတွေ့အကြုံအရ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အားသာချက်များ ရှိနေသော်လည်း လက်တွေ့တွင်မူ စိန်ခေါ်မှုများက ပိုမိုများပြားနေသည်။ ၎င်းတို့၏ အောင်မြင်မှု (သို့မဟုတ်) ကျရှုံးမှုသည် ကိုယ်ပိုင်အရည်အချင်းထက် စစ်ဘက်မှ ချုပ်ကိုင်ထားသော အုပ်ချုပ်ရေးဘောင်အတွင်းမှ မည်မျှအထိ လွတ်လပ်စွာ လှုပ်ရှားခွင့်ရမည်နည်း ဟူသည့် အချက်ပေါ်တွင် အဆုံးအဖြတ်ဖြစ်နေသည်။

အထူးသဖြင့် စက်သုံးဆီ ပြဿနာကဲ့သို့သော လက်တွေ့မြေပြင် အကျပ်အတည်းများကို ဝန်ကြီးများ၏ ညွှန်ကြားချက်ဖြင့် ထိရောက်စွာ မဖြေရှင်းနိုင်ပါက ၎င်းတို့၏ အခန်းကဏ္ဍသည် အုပ်ချုပ်ရေးယန္တရားအတွက် တန်ဆာဆင်ရုံမျှသာ ဖြစ်သွားနိုင်ခြေရှိသည်။ ထို့ကြောင့် (MUP) ဝန်ကြီးများအနေဖြင့် အုပ်ချုပ်ရေးယန္တရားအတွင်း အရှိန်အဟုန်ဖြင့် ဝင်ရောက်ကာ စက္ကူပေါ်မှ မူဝါဒများထက် မြေပြင်တွင် အမှန်တကယ် သက်ရောက်မှုရှိသည့် လုပ်ဆောင်ချက်များကို ဦးစားပေးရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

 

[1] Mon State Hluttaw, March 20, 2026: မွန်ပြည်နယ်လွှတ်တော် (နိုင်လယိတမ)။ https://monstate.hluttaw.mm/representatives/%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9C%E1%80%9A%E1%80%AD%E1%80%90%E1%80%99/

[2] Independent Mon News Agency, March 3, 2026: စစ်ခေါင်းဆောင်က နိုင်လယိတမကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်။ Independentmonnewsagency

[3] Mon State Hluttaw, March 20, 2026: မွန်ပြည်နယ်လွှတ်တော် (မိလဝီဟန်)။ https://monstate.hluttaw.mm/representatives/%e1%80%99%e1%80%ad%e1%80%9c%e1%80%9d%e1%80%ae%e1%80%9f%e1%80%94%e1%80%ba/

[4] Independent Mon News Agency, July 24, 2024: ကျောက်မီးသွေးစက်ရုံဆောက်မည့် ချောင်းဆုံတွင် စစ်ကောင်စီနှင့် နီးစပ်သူတို့က မြေများ ခြိမ်းခြောက်ဝယ်ယူနေ။ Independentmonnewsagency

[5] Rehmonnya Institute, April 3, 2026: စက်သုံးဆီပြဿနာ – မွန်လွှတ်တော်မှာ အဖြေရှာနိုင်မလား?။ https://rehmonnyainstitute.com/2026/04/03/monsan/

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply