အာဏာသိမ်းခြင်းနှင့် အတူ အရေးပေါ် ထွက်ပေါ်သည့် လုံခြုံရေး ဆိုင်ရာအဖွဲ့ အစည်းသစ်

0

ဦးရဲမျိုးဟိန်းနှင့် လူကက်မိုင်ယာ – ရေးသားသည်။

Seizing the State: The Emergence of a Distinct Security Actor in Myanmar

By Ye Myo Hein and Lucas Myers

Wilson Center, Asia Program မှ ထုတ်ဝေသည့် ဦးရဲမိုးဟိန်းနှင့် Lucas Myers ရေးသားသောစာတမ်းအား RICE မှ သင့်လျော်သကဲ့သို့ ဘာသာပြန်သည်။ စာတမ်း၏ အဓိက ဖော်ပြချက်ကား မြန်မာ့စစ်တပ် (တပ်မတော်) မှ အာဏာသိမ်းပြီး ထွက်ပေါ်လာသည့် အခင်းအကျင်းကို ဖော်ပြထားပါသည်။

နိုင်ငံရေးလေ့လာဆန်းစစ်သူများ သုံးသပ်သတိ ပေးထားသည့်အတိုင်း အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ အနာဂတ်သည် စစ်ပွဲများနှင့် စစ်ရေးပဋိပက္ခများသည် အခန်းကဏ္ဍကြီးစွာ လွှမ်းမိုးချုပ်ကိုင်ထားလျက် ရှိသည်။ မြန်မာနိုင်ငံ၏ စင်ပြိုင်အစိုးရတစ်ရပ်ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော “ပြည်သူ့ခုခံစစ်ပွဲ” ကို စတင်ဆင်နွှဲကြောင်း တရားဝင် ကြေငြာခဲ့သည်။ NUG ယာယီသမ္မတ ဒူးဝါးလရှီလသည် စစ်အာဏာရှင်အား ပြည်သူတစ်ရပ်လုံးအနေဖြင့် လှည်းနေလှေအောက်မြင်းစောင်းတွင်ပါမကျန် တော်လှန်ရန် ၎င်း၏ဗီဒီယိုဖိုင်တွင် တိုက်တွန်းနှိုး ဆော်ခဲ့သည်။ စစ်ပွဲသည် တုန်လှုပ်ခြောက်ခြားဖွယ် ပျက်စီးဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများကိုသာ ဖြစ်စေနိုင်သော်လည်း “ဒါဟာ ပြည်သူ့တော်လှန်ရေး တိုက်ပွဲပါ။ NUG က ပြည်သူတွေ ကိုယ်စားကြေငြာလိုက်တာ” ဟု ရန်ကုန်မြို့ဒေသခံများက Facebook ပေါ်တွင်ရေးတင်ခဲ့ကြသည်ကိုကြည့်ခြင်းဖြင့် ပြည်သူလူထု၏ နာကျည်းသည့် စိတ်ခံစားမှုကို ထင်ဟပ် မြင်နိုင်သည်။

စစ်ကောင်စီဘက်မှ ပြောရေးဆိုခွင့်ရှိသူက “NUG၏ ကြေငြာချက်သည် ကုလသမဂ္ဂ အထွေထွေညီလာခံ နီးကပ်လာချိန်တွင် မြန်မာနိုင်ငံကိုယ်စားပြုမှု အဆုံးအဖြတ်အပေါ်နိုင်ငံတကာ၏ အာရုံစိုက်မှုကိုရရှိရန်အတွက် အဓိပ္ပာယ်မရှိသော လုပ်ဆောင်ချက်သာဖြစ်သည်” ဟု တုံ့ပြန်ထားသည်။ တစ်ဖက်တွင်လည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ ကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် တပ်မတော်အား တိုက်ခိုက်မှုအရှိန် ပိုမိုပြင်းထန်လာခဲ့သည်။ NUG ၏ တရားဝင်ထုတ်ပြန်ချက်များအရ ပြည်သူ့ခုခံစစ်ပွဲ ကြေငြာပြီး ပထမဆုံးလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဗုံးပေါက်ကွဲမှု ၂၅၀ ကြိမ်ရှိကာ တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွါးခဲ့သောကြောင့် စစ်ရေးပဋိပက္ခများသည် တစ်စတစ်စ ပြင်းထန်ကျယ်ပြန့် လာရုံသာရှိတော့မည်။ အောက်တိုဘာလ ၇ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အတွင်း စစ်အာဏာရှင်ဘက်မှ စစ်သားပေါင်း ၁၉၇၄ ဦး ကျဆုံးခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ဖော်ပြခဲ့သည်။ ဤအချက်အလက်များမှာ အတည်ပြုရန်ခက်ခဲ သော်လည်း မြေပြင်မှ တိုက်ခိုက်မှုများနှင့်စစ်ဆင်ရေးများသည် သိသာပြင်းထန်စွာ မြင့်တက်လျက်ရှိသည်။

လုံခြုံရေး၏ အရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် လွန်ခဲ့သောအနှစ်သုံးဆယ် (၁၉၉၀) က တိုက်ခိုက်ခဲ့သည့် စစ်ဆင်မှုနှင့် ကွဲပြားသော နိုင်ငံရေးရည်ရွယ်ချက်အသစ်ဖြင့် “ပြည်သူ့ခုခံစစ်ပွဲ” စစ်ရေး အခေါ်အဝေါ်အား လေးနက်စွာ အသုံးပြုထားခြင်း ဖြစ်သည်။ “ပြည်သူ့ခုခံစစ်ပွဲ” ဟု ခေါင်းစဉ်တည်ထားသည်မှာ စစ်အာဏာရှင်အား ငြိမ်းချမ်းစွာ ဆန့်ကျင်သည့် လမ်းစဉ်များကို တပ်မတော်မှ လက်နက်အင်အားသုံးကာ ရက်စက်ကြမ်းကြုတ်သည့် နည်းများဖြင့် အကြမ်းဖက် ဖြိုခွင်း ချေမှုန်းနေခြင်းကြောင့် အမှန်စင်စစ်တွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် စစ်ဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီသည် NUG ၏ နိုင်ငံရေးရည်ရွယ်ချက်မှာ တပ်မတော်အား ဖြုတ်ချကာ ဒီမိုကရေစီ ပြန်လည်အသက်သွင်းရန် ဖြစ်သည်ဟု ပိုမိုပြင်းထန်သောအမြင်ဖြင့် ရှုမြင်သည်။ မည်သို့ပင်ဆိုစေကာမူ လက်နက်ပစ္စည်းကိရိယာများ လိုအပ်မှုသည် NUG၏ တော်လှန်ရေးတိုက်ပွဲ နည်းဗျူဟာအား အခက်တွေ့နေစေကာ ဤအခြင်းအရာများကြောင့် မြန်မာနိုင်ငံသည် အစိတ်စိတ်အမွှာမွှာကွဲပြီး ကျရှုံးနိုင်ငံ အဖြစ်သို့ ဦးတည်နေစေသည့် အရိပ်အယောင်များ မြင့်တက်စေလျက်ရှိသည်။

 

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု၏ အပြောင်းအလဲ

ပြည်သူလူထု၏ အာဏာရှင် ဆန့်ကျင်ရေးသည် အာဏာသိမ်းမှုနောက်ပိုင်းတွင် ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒပြခြင်းနှင့် အကြမ်းမဖက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တို့ဖြင့် ရုတ်ချည်း စတင်လာခဲ့သည်။ သို့သော်လည်း ၎င်းလှုပ်ရှားမှုများသည် အချိန်တစ်ခဏအတွင်း တပ်မတော်၏ သွေးအေး ရက်စက်သည့် နှိမ်နှင်း ချေမှုန်းမှုတို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသည်။ မျိုးဆက်သစ်လူငယ်များ အထူးသဖြင့် ၂၀၁၁ နိုင်ငံရေး အကူးအပြောင်းနောက်ပိုင်း အရွယ်ရောက်ပြီးသော မြို့ပြဒေသမှလူငယ်များသည် ငြိမ်းချမ်းစွာ ဆန့်ကျင်ရေး တစ်ခုတည်းဖြင့် ဒီမိုကရေစီ ပြန်လည်အသက်သွင်းရန် မဖြစ်နိုင်ကြောင်း အဆုံးသတ် အတွေးအမြင်သို့ ရောက်ရှိလာခဲ့ကြသည်။

စစ်အာဏာရှင်သည် အထိန်းအကွပ် မရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်လာသည့်အတွက် ဖျက်သိမ်းခံလိုက်ရသော ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် မတ်လ ၁၄ ရက်နေ့တွင် နိုင်ငံသားများ၏ ကိုယ့်ကိုယ်ကို ခုခံပိုင်ခွင့်ကို ကြေငြာခဲ့သည်။ ဆန္ဒပြသူပြည်သူများသည် ကာကွယ်ရေးတပ်ဖွဲ့များကို အမြန် ဖွဲ့စည်းခဲ့ပြီးနောက် တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်ရာဒေသဧရိယာ အများအားဖြင့် ကချင်၊ ကရင်နှင့် ကယားပြည်နယ်များသို့ လက်နက်ကိုင်လေ့ကျင့်ရေးများ သင်ယူရန် စွန့်ခွါ ဝင်ရောက် လာခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ခန့်အပ်ပြီးနောက် မေလ ၅ ရက်နေ့တွင် စစ်အာဏာရှင်အား ပြန်လည် ခုခံတိုက်ခိုက်ရန်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖွဲ့စည်းခြင်းဖြင့် လက်နက်ကိုင်တော်လှန်ဆန့်ကျင်ရေးလမ်းစဉ်သို့ တရားဝင် ပြောင်းလဲလာခဲ့သည်။ ထို့နောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှ စစ်သင်တန်းဆင်းလူငယ်များဖြင့် ဖွဲ့စည်းထားသော ဒေသဆိုင်ရာတပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များသည် နိုင်ငံတစ်ဝန်းလုံး၌ အများအပြား ပေါ်ပေါက် ကြီးထွားလာလျက်ရှိသည်။ ၎င်းအပြင် ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားဒေသများတွင်လည်း အကြမ်းမဖက်သည့် လျှပ်တပြက် ဆန္ဒပြသပိတ်မှောက်မှူများ ဆက်လက်ရှိနေဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်ချက်များတွင် “ပြည်သူ့ခုခံစစ်” ကြေငြာပြီး ရက်ပိုင်းများတွင် ဆန္ဒပြမှုများအကြိမ် ၅၀၀ အထိ ရှိခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

 

ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDFs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs)

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကြေငြာချက်သည် အာဏာရှင်ဆန့်ကျင်သည့်လက်နက်ကိုင်တပ်ဖွဲ့များ အဆများစွာ အလျှင်အမြန် တိုးပွါးစေခဲ့သည့် သိသာသည့် ရလဒ်ကို ဖြစ်စေခဲ့သည်။ အကျယ်အားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်မျိုးရှိရာ  သီးခြားရပ်တည်သော ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် “ဒေသကာကွယ်ရေးတပ်ဖွဲ့” (LDFs) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားသည့် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” (PDFs) တို့ ဖြစ်ကြသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် အများအားဖြင့် ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့များမှ ပေါ်ပေါက်လာခဲ့ကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ အမိန့်ညွှန်ကြားချက်နှင့် ထိန်းချုပ်မှုတို့ မရှိဘဲ သက်ဆိုင်ရာ နယ်မြေဒေသတွင်သာ လှုပ်ရှားမှုများပြုလုပ်လျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွင်မူ စင်ပြိုင်အစိုးရဖြစ်သည့် NUG နှင့် ပိုမို အားကောင်းသည့် ချိတ်ဆက်မှုရှိပြီး အချို့မှာ NUG မှ ဖွဲ့စည်း အသိအမှတ် ပြုထားပြီး အနည်းအကျဉ်းမျှကို  NUG မှ ညွှန်ကြား အမိန့်ပေးခြင်းတို့ရှိသည်။

LDFs နှင့် PDFs တို့ ၏ ကွဲပြားခြားနားချက်တို့သည် သဘောတရားဆိုင်ရာ သတ်မှတ်ချက်တို့ကြောင့်သာ ခြားနားနိုင်သော်လည်း LDFs အများစုမှာ NUG ၏ ထိန်းချုပ်မှုအောက်တွင် အပြည့်အဝမရှိသည့်တိုင် ၎င်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ တဖြည်းဖြည်းတိုးလာသည့်အတွက် စင်စစ် LDFs နှင့် PDFs တို့အား သီးခြားခွဲခြားရန် ခက်ခဲနေသည်။ နောက်ထပ် အကြောင်းတရားတစ်ခုမှာ အချို့သော တပ်ဖွဲ့များသည် စာရွက်ပေါ်တွင်သာ ရှိကြပြီး အနည်းစုသည် လှုပ်ရှားမှုမရှိပေ။ အချို့ တပ်ဖွဲ့များသည် အင်အားပိုကြီးသော တပ်ဖွဲ့နှင့် ပူးတွဲစစ်ဆင်ရေးရှိပြီး အချို့အနည်းစုမှာလည်း အမည်ပြောင်းလဲမှုရှိကြကာ အများစုသည် လုံခြုံရေးအတွက် လျှို့ဝှက်စွာ လှုပ်ရှားလျက် ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံမှ ယင်းတပ်ဖွဲ့များ၏ စာရင်းအပြည့်အစုံကို ဖော်ပြရန် မလွယ်ကူပေ။

သို့သော် ခန့်မှန်းခြေကို တိုင်းတာရန် ဖြစ်နိုင်သေးသည်။ နီးစပ်ရာ PDFs နှင့် NUG တို့၏ သတင်း အရင်းမြစ်များအရ PDFs, LDFs တပ်ဖွဲ့တို့မှာ ခန့်မှန်းခြေအားဖြင့် တပ်ဖွဲ့ပေါင်း ၅၀၀ ကျော်ရှိသည်။ အင်တာဗျူးများ၊ မီဒီယာဖော်ပြချက်များအရ ပြည်သူ့ခုခံစစ်ပွဲကြေငြာထားပြီးနောက်ပိုင်းတွင်  PDFs နှင့် LDFs တို့အဖြစ် လှုပ်ရှားမှုများပြုလုပ်မည်ဟု ထုတ်ဖော်ပြောကြားထားသည့် PDFs, LDFs တို့အား စာရင်းပြုစုသည့် အခါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနည်းဆုံးအဖွဲ့ ပေါင်း ၃၀၉ ဖွဲ့ရှိသည်။ သို့သော် ဤကိန်းဂဏာန်းသည် ရာနှုန်းပြည့် တိကျမှု မရှိနိုင်ပေ။ PDFs နှင့် LDFs အများစုသည် မြို့နယ်အဆင့် တပ်ဖွဲ့များဖြစ်ကြပြီး အင်အား ၂၀ သို့မဟုတ် ၃၀ ကျော်ရှိသည့် အစုအဖွဲ့ငယ်များမှ အင်အား ၁၀၀ ကျော်ရှိသည့် တပ်ဖွဲ့ကြီးများအထိ ရှိကြ သည်။

စစ်ပွဲကြေငြာချက်နှင့်အတူ လျင်မြန်စွာ ကြီးထွားလာလျက်ရှိသော မြန်မာ့ PDFs, LDFs တို့သည် ရှိနှင့်ပြီးသောဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်များ (EAOs) တို့နှင့် ပူးပေါင်းလာကြသည်။ ထို့နောက် PDFs နှင့် LDFs တို့၏ အင်အားသည် ခန့်မှန်းခြေအားဖြင့် ၂၅၀၀၀ ဝန်းကျင်အထိ ကျယ်ပြန့် ကြီးထွားလာသည်။ ၎င်းပမာဏသည် စစ်သင်တန်းပြီးထားသော လူငယ်များမှ အစပျိုး၍ အခြားတက်ကြွလှုပ်ရှားသူ လူငယ်များသို့ လက်ဆင့်ကမ်းကာ ပို့ချခြင်းကြောင့် ကျယ်ပြန့် များပြားလာခြင်း ဖြစ်ဟန်တူသည်။ စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်ကာ တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်များ (EAOs) တို့တွင်လည်း အင်အား ၂၅,၀၀၀ – ၃၀,၀၀၀ မျှ ရှိသည်။ လက်ရှိအခြေအနေအရ PDFs နှင့် LDFs တို့ စတင်ဖွဲ့သည်နှင့် သိသာများပြားလာသည့် အင်အား ၂၅,၀၀၀ အထက် ရှိသော်လည်း ၎င်းအရေအတွက်သည် စစ်အာဏာရှင်ဘက်မှ စစ်အင်အား ၃၀၀,၀၀၀ မှ ၃၅၀,၀၀၀ ကြားရှိသည့် တပ်ရင်းများ၊ နယ်ခြားစောင့်တပ် (BGF) တို့နှင့် ပျူစောထီး ခေါ် စစ်အုပ်ချုပ်ရေးထောက်ခံသူအများနှင့် ယှဉ်လျှင် အားနည်းနေသေးသည်။ ထို့နည်းတူ ၎င်းလုံခြုံရေး အင်အားအသစ်သည် စစ်အာဏာရှင်တည်မြဲမှုကို ခြိမ်းခြောက်လျက် မြေပြင်တွင် နယ်မြေများကို သိမ်းပိုက်နိုင်ခြင်းကြောင့် စစ်မက်ဖြစ်ပွါးမှုအန္တရာယ်ကို မြင့်စေပြီး စစ်အာဏာရှင်အား ဖိအားပေး အကျပ်တွေ့စေပါသည်။

 

မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍမှ ပါဝင်သူအသစ်

            ၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံ၏ လုံခြုံရေးကဏ္ဍတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDFs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  (PDFs) တို့သည် ပါဝင်လှုပ်ရှားသည့် အခန်းသစ်တစ်ရပ် ဖြစ်လာသည်။ ဗမာ့ကွန်မြူနစ်ပါတီ၏ ဖျက်သိမ်းမှုနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကျရှုံးချိန် ၁၉၈၈-၁၉၉၀ ဝန်းကျင်တွင် ရန်ကုန်မြို့  (နောက်ပိုင်းတွင် နေပြည်တော်) ၌ တပ်မတော်ဗဟိုအစိုးရအား တိုက်ရိုက် စိန်ခေါ် ဆန့်ကျင်တော်လှန်သော ဝါဒသဘောတရား လက်နက်ကိုင်အင်အားစုတို့၏ အဆုံးသတ် ဖြစ်သည်။ ၁၉၉၀ ကတည်းကပင် တိုင်းရင်းသားလက်နက်ကိုင် ၂၀ ခန့်မျှသည် သူတို့၏ သီးခြားနိုင်ငံရေး မျှော်မှန်းချက်တို့ဖြင့် ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေခဲ့ပြီး စစ်တပ်အား ဆန့်ကျင်လျက် ၎င်းတို့ သိမ်းပိုက်ဏားသည့် နယ်မြေမှ ဗဟိုပြုပြီး နယ်မြေ ထပ်မံ သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ (EAOs) သည် မိမိတို့ နယ်မြေအား စစ်တပ်လက်အောက်သို့ မကျရောက်ရန် ခံစစ်မဟာဗျူဟာ ကျင့်သုံးလျက် ၎င်းနယ်မြေအတွင်း အုပ်ချုပ်ရေးယန္တယား ချမှတ်သည်။ သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်တို့ ပို့ချသင်ကြားပေးခဲ့သော မြို့ပြတော်လှန်ရေး လူငယ်များသည် မြန်မာနိုင်ငံ၏ နှစ်ရှည်ကြာ ပဋိပက္ခပြသာနာများအား ထိရောက်သော ပြောင်းလဲခြင်းများ သက်ရောက်စေသည်ဟု Andrew Selth က ထုတ်ဖော်ပြောကြားခဲ့သည်။ EAOs တို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် NUG၊ PDFs တို့၏ မတူကွဲပြားသော နိုင်ငံရေးမျှော်မှန်းချက်သည်  ဗဟို/ ပြည်ထောင်စုအဆင့်တွင် ပြဿနာဖြစ်နေသည့်  အစိုးရ၏ နိုင်ငံရေးအာဏာပြန်လည်ရရှိရေးဖြစ်သည်။ တပ်မတော်အား အနိုင်ရရန်နှင့် မြန်မာနယ်စပ်တွင် သောင်းကျန်းသူ သူပုန်များအဖြစ် ရှောင်ကျဥ်နိုင်ရန် စင်ပြိုင်အစိုးရ NUG သည် တပ်မတော်နှင့် တော်လှန်ရေးစစ်ပွဲတွင် ထိပ်တိုက်တွေ့ပြီး ပြည်တွင်းတွင် ထိန်းချုပ်ရန်အတွက် စစ်တပ်အား တိုက်ခိုက် ချေမှုန်းသည့် စစ်ဆင်ရေး ဗျူဟာများ ချထားရလိမ့်မည်။

PDFs များသည် နိုင်ငံအတွင်း အင်အားအကြီးဆုံး စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်နေရသည့် ကြီးမားသော အခက်အခဲတို့နှင့် ရင်ဆိုင်ရကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည် ဟူသည့် အစောပိုင်း ခန့်မှန်းချက်များနှင့် ဆန့်ကျင်ကာ ၎င်းတို့သည် အချိန်နှင့်အမျှ ပိုမိုအင်အားကောင်းလာပြီး ပိုမို စည်းစနစ် ကျလာကြသည်။ လက်ရှိတွင် ခြုံခိုတိုက်ခိုက်ခြင်းများ၊ ပျောက်ကျားစစ်ဆင်ရေးများ၊ ဗုံးဖောက်ခြင်းများ၊ စစ်တပ်ဆိုင်ရာလုပ်ငန်းများနှင့် စီးပွါးရေးလုပ်ငန်း များကို ဖျက်ဆီးခြင်းများ နှင့် လူပုဂ္ဂိုလ်တို့အား ပစ်မှတ်ထား ရင်ဆိုင်နေရသည့် ကြီးမားသော စစ်ဆင်ရေးများစွာကို လုပ်ဆောင်လျက်ရှိသည်။ PDFs အချို့သည်လည်း EAOs တို့နှင့်ပေါင်းကာ စစ်တပ်အား အဆင့်မြင့် စစ်ဆင်ရေးများဖြင့် တိုင်းရင်းသားဒေသများ အထူးသဖြင့် ချင်း၊ ကချင်၊ ကယားနှင့် ကရင်ပြည်နယ် တို့တွင် ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည်။ ထိုမှ အနည်းစုသော PDFs များသည်  ပြည်တွင်း EAOsတို့၏ စစ်ဆင်ရေး ထိန်းချုပ်မှုအောက်တွင်ရှိပြီး ၎င်းတို့မှ လက်နက်များ တပ်ဆင် ပံ့ပိုး ပေးထားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ PDFsများသည် ပိုမိုစနစ်ကျသော ဖွဲ့စည်းပုံတို့ဖြင့် တဖြည်းဖြည်း ရင့်သန်လာကြသည်။ ဥပမာအနေဖြင့် ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အချိန်တိုအတွင်း ပြင်းထန်သော တိုက်ပွဲများကို စစ်ဆင် တိုင်နိုင်ခဲ့ပြီး တိုက်ပွဲပေါင်းများစွာအထိ ကျယ်ပြန့်စွာ စစ်ဆင်နိုင်ခဲ့ကြသည်။ ဖောက်ခွဲ၊ ထွက်ပြေး ဗျူဟာဖြင့် နယ်ဒေသများတွင် မြေမြှုပ်မိုင်းကို သုံးကာ တပ်မတော်တပ် ရင်းများအား တိုက်ခိုက်ပြီး လူဦးရေထူထပ်ကာ ရောနှောကွယ်လျှိုးနိုင်သည့် ရန်ကုန်ကဲ့သို့ မြို့ကြီးများ၏ မြို့ပြတိုက်ပွဲများတွင်လည်း PDFs တို့ အနေဖြင့် ၎င်းနည်းလမ်းဖြင့် အောင်မြင်စွာတိုက်ခိုက် နိုင်ကြသည်။

PDF များ ပူးပေါင်းပါဝင် လုပ်ဆောင်ခြင်းကြောင့် အင်အားပိုမို တောင့်တင်းခိုင်မာလာကာ ဆန့်ကျင်တိုက်ခိုက်ရေးတို့ ပိုမို ထိရောက်ခဲ့သည်။ မတူညီခြားနားကြသော PDF တပ်များသည် အဆောက်အဦတို့အား ဖြိုခွဲဖျက်ဆီးသည့်နည်းဖြင့် သော်လည်းကောင်း၊ စုပေါင်း စစ်ဆင်တိုက်ခိုက်သည့် နည်းဖြင့်သော်လည်းကောင်း စစ်ဆင်တော်လှန်ကြသော စစ်ကိုင်းတိုင်းနှင့် ကယားပြည်နယ်တို့တွင် တပ်မတော်တပ်ဖွဲ့များအတွက် ပြင်းထန်သော စိန်ခေါ်မှုတစ်ရပ် ဖြစ်စေသည်မှာ သိသာ ထင်ရှားလျက်ရှိသည်။ စစ်ဗျူဟာ ပြောင်း၍စစ်ဆင်ကြရာ၌ မြေမြှုပ်မိုင်းအသုံးပြုမှုကို မြှင့်တင်လာခြင်း ကြောင့် အာဏာရှင်၏ တပ်ဖွဲ့တို့အား အကြီးအကျယ် ဒုက္ခရောက်စေကာ ထိခိုက် ကျရှုံးစေသည်။ PDF များ၏ လတ်တလော သတင်းဓာတ်ပုံများနှင့် ရုပ်သံဖိုင်တို့အရ တပ်ဖွဲ့အချို့သည် ပိုမိုကောင်းမွန်သည့် လက်နက်ကိရိယာများ ဥပမာ-စက်သေနတ်၊ RPG လောင်ချာနှင့် ဝေဟင်ပစ်လက်နက်တို့ လိုအပ်နေသည်ကို တွေ့မြင်နိုင်သည်။ လက်နက်ပစ္စည်းများသည် အများအားဖြင့် တရုတ်၊ လာအို နှင့် ထိုင်းတို့၏ မှောင်ခိုစျေးကွက်မှ ဝင်လာပြီး တစ်ဆက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ပိုမိုတောင့်တင်းလာသော NUG နှင့် PDF တို့မှလည်း လက်နက်များကို ဒေသအတွင်း ထုတ်လုပ်လာကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အား မျှော်မှန်း၍ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသည် ၎င်းနည်းတူ တပ်မတော်အား ဆန့်ကျင်ရန် စိတ်ထက်သန်ပြင်းပြသောကြောင့်  နောက်ဆုံးတွင် ၎င်းတို့ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များကို ထောက်ပံ့ကူညီလာခဲ့ကြသည်။

ဤသို့သော အခြေအနေများသည် အလားအလာကောင်းများဖြစ်ပြီး မတူညီသော PDF များသည် တိုးတက်မှုများကို ဖော်ဆောင်နေသည်မှာ ငြင်းနိုင်ခြေမရှိပေ။ သို့သော်လည်း ယခု NUG စစ်၏ နိုင်ငံရေး မျှော်မှန်းချက်ဖြစ်သည့် ဗဟိုအစိုးရ၏ အာဏာပြန်လည်ရယူရေး ဖော်ဆောင်ရန်ကား အင်အား မလုံလောက်သေးပေ။ ယင်းကဲ့သို့ ဆိုရခြင်းမှာ ယခု ဆက်တိုက် ဖြစ်ပေါ်နေသည့် ပျောက်ကျားတိုက်ပွဲများသည် စစ်အာဏာရှင်အား မဖြုတ်ချနိုင် သို့မဟုတ် ၎င်းအား မဖြိုခွဲနိုင်ပေ။ တပ်မတော်၏ လက်နက်ကြီး သို့မဟုတ် လေကြောင်းစစ်ဆင်ရေးတို့အား ပြန်လည်ခုခံ စစ်ဆင်နိုင်သော လက်နက်မျိုး တတ်ဆင်ပေးနိုင်စွမ်း နှင့် တသားတည်းဖြစ်စေမည့် အမိန့်ပေးစနစ် မရှိသေးသည့် NUG ကြောင့် PDF တို့အနေဖြင့် နယ်မြေထိန်းချုပ်ထားရန်မှာ ခက်ခဲနှင့် ရင်ဆိုင် ကြုံတွေ့နေရတော့မည်။ လက်ရှိအခြေအနေတွင် NUG မှ အားနည်းနေခြင်းကြောင့် မည်သည့်ဘက်မှ အပြတ်အသတ်အနိုင်ရနိုင်ခြေ မရှိသောကြောင့် အလုံးစုံပျက်ဆီးသောနိုင်ငံအဖြစ်သို့ ရောက်သွားနိုင်သည်။

 

PDF ၏ကန့်သတ်ချက်များ

PDFs များ၏ ကြီးမားသော လက်နက်ခဲယမ်းများ မရှိခြင်းသည် ၎င်းတို့၏ နယ်မြေသိမ်းပိုက်နိုင်မှုကို အဟန့်အတား ဖြစ်စေသည်။ လက်နက်ငယ်များ ၀ယ်ယူခြင်းသည် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် အတော်အတန် စီစဉ်ဆောင်ရွက်နိုင်သော်လည်း အကြီးစား လက်နက်များကိုမူ အလွယ်တကူ ရရှိနိုင်ခြင်းမရှိပေ။ PDF အများအပြားသည် အခြေခံလက်နက်ငယ်များအပေါ်တွင် မှီခိုနေရဆဲဖြစ်ပြီး NUG ၏ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းသည် ပိုမိုကန့်သတ်ထားသော ထိုင်းမှောင်ခိုဈေးကွက်ကြောင့် လက်နက်များ ရယူရန် မလွယ်ကူပေ။။ NUG နှင့် PDF များသည် လက်နက်စက်ရုံအချို့ကို တည်ထောင်ခဲ့သည်ဟု သတင်းရသော်လည်း အမြောက်များ၊ လေကြောင်းရန်ကာကွယ်ရေးနှင့် သံချပ်ကာဖျက်စီးသည့်လက်နက်များ ထုတ်လုပ်ခြင်းသည် ၎င်းတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်ဖွယ်ရှိသည်။ တချိန်တည်းတွင် EAO များသည် ပြည်တွင်းထုတ် သို့မဟုတ် မှောင်ခိုလက်နက်များ ပေါ် မှီခိုနေရပြီး ၎င်းတို့မှာ စက်လက်နက်ကြီးများ မရှိခြင်း သို့မဟုတ် ၎င်းတို့အတွက် တရုတ်ထုတ် ဝေဟင်ပစ်လက်နက်များ သို့မဟုတ် အမြောက်များကို လွှဲပြောင်းပေးအပ် ခြင်းလည်း ခံရမည် မဟုတ်ပေ။

ရလဒ်အနေနှင့် PDF များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို  ထိထိရောက်ရောက် တန်ပြန်ရန် နည်းလမ်းမရှိပေ။ ဤကန့်သတ်ချက်ကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့်အတိုင်း သိမ်းယူထားသော နယ်မြေများကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲလာစေသည်။ မကြာသေးမီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း PDF များကို ပြင်းထန်စွာ ထိခိုက်မှုစေရန် တပ်မတော်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို များကို ဆက်တိုက်ပြုလုပ်နေပါသည်။ ဤပြဿနာသည် NUG နှင့် PDF များကိုသာ ဆက်လက် ရင်ဆိုင်နေဦးမည် ဖြစ်သောကြောင့် နယ်စပ်တလျှောက်ရှိ ဝေးလံခေါင်သီသော ကျေးလက်ဒေသများကို သိမ်းပိုက်ရန် အလားအလာရှိသော်လည်း စစ်တပ်၏  တိုက်ခိုက်မှုကို တန်ပြန်နိုင်ခြင်း မရှိသည့်အပြင် နိုင်ငံ၏ အချက်အချာကျသော ဗျူဟာမြောက်ဒေသများကို သိမ်းပိုက်ရန် ရုန်းကန်ရဦးမည်ဖြစ်သည်။ ဝေဟင်ပစ်လက်နက်များ မရှိခြင်းသည် မြို့ပြဒေသများတွင် ပြဿနာနှစ်ဆတိုးလာစေပါသည်။ ယခုအချိန်အထိ PDF များသည် ပျောက်ကျားစီးနင်းမှုများကို အောင်မြင်စွာလုပ်ဆောင်ပြီး ကျေးလက်ဒေသအနှံ့အပြားသို့ စစ်တပ်၏ဝင်ရောက်ခွင့်ကို  ဟန့် တား ထားနိုင်သော်လည်း စစ်အစိုးရ၏ တပ်များသည် မြို့ပြအများစုကို သိမ်းပိုက်နိုင်စွမ်းရှိနေဆဲဖြစ်သည်။.

ရန်ကုန်၊ မန္တလေး နှင့် အခြားနေရာများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများသည် စစ်အစိုးရကို မတူညီသော အင်အားဖြင့် စိန်ခေါ်ရန် အတိုက်အခိုက် နည်းဗျူဟာများကို ကျင့်သုံးနေကြသော်လည်း မြို့ပြပျောက်ကျား စစ်ပွဲသည် သမိုင်းတွင် အောင်မြင်မှု ရရှိရန် မလွယ်ကူကြောင်း မှတ်တမ်းများအရ ပညာရှင် Anthony James  ပြောဆိုထားသည်။ မြို့ပြ ပတ်ဝန်းကျင် အနေအထားအရ မြို့ပြမှ တပ်မတော်စစ်တပ်ဖွဲ့ သည် ပျောက်ကျားတပ်များအား ဝန်းရံတိုက်ခိုက်နိုင်ရန် အားသာချက်များ ပေးပြီး လက်နက်ကိုင် တော်လှန်သည့်တပ်များကို ပိတ်ဆို့ဝိုင်းရံ့ကာ အမြှောက်များ၊ လေကြောင်း လက်နက်များဖြင့် တိုက်ခိုက်နှိမ်နှင်းလျက်ရှိသည်။ David H. Ucko က ဖော်ပြသည့် “အာဏာရှင် သောင်းကျန်းမှု” တွင် အယင်က ဖြစ်ပေါ်ခဲ့သည့်အတိုင်းး၊ တပ်မတော်သည် အရပ်သားများအပေါ် ခွဲခြားမှုမရှိပဲ အကြမ်းဖက်မှုများကို တပ်မတော်တွင် ကန့်သတ်ထားခြင်းမရှိ အဆုံးတိုင်အောင်ဆောင်ရွက် သွားရန်ရှိသည်။ ၎င်း၏ အမြောက်ကြီးကြီးများနှင့် လေကြောင်း စွမ်းအားများသည် မြို့ပြများရှိ လက်နက်အင်အား မတပ်ဆင်ထားနိုင်သည့် PDF  များအပေါ် အားသာချက်တစ်ခု ဖြစ်သည်။

လက်နက်မရှိခြင်းထက် အခြားအရေးကြီးသည့် အချက်တချက်ကား PDF များသည် အမှီအခိုကင်းစွာ စစ်ရေးလှုပ်ရှားနေရပြီး NUG တွင် ပေါင်းစပ်ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုဖွဲ့စည်းပုံ ကင်းမဲ့နေသည်။ PDF များသည် စက်တင်ဘာလတွင် NUG မှ စစ်ကြေငြာပြီးနောက်  ထိုးစစ်ကို ပူးပေါင်း လုပ်ဆောင်ခဲ့သော်လည်း ထို PDF များကို NUG မှ ကြိုတင် ပြင်ဆင်ထားခြင်း မပြုဘဲ ဒေသခံတပ်မှူးများက အလိုအလျောက်စီစဉ်ပေးထားကြောင်း ထင်ရှားလာသည်။ စစ်အစိုးရတပ်များအား တိုက်ခိုက်မှုများသည် နိုင်ငံတဝှမ်းတွင် ဖြစ်ပွားခဲ့သော်လည်း NUG ၏ အလုံးစုံ ကွပ်ကဲမှုအောက်တွင် မရှိခဲ့ပေ။ ဥပမာအားဖြင့်၊ ချင်းနှင့် စစ်ကိုင်းရှိ PDFs များနှင့် LDFs များက ကချင် ပြည်နယ်ရှိ KIA နှင့် ရက္ခိုင့်တပ်မတော်ကြား အနောက်စင်္ကြံကို ဖောက်ထွင်းရန် ကြိုးပမ်းခြင်း ဖြစ်ပြီး အရှေ့တောင်ဘက်တွင် ပထဝီဝင်အနေအထားအရ သီးခြား တည်ရှိနေသော NUG ထက် EAOs နှင့် ပိုမိုကိုက်ညီ နီးစပ်ပုံရသည်။ ရက္ခိုင့်တပ်မတော်သည် ၎င်း၏နယ်မြေအား တပ်မတော်မှ ကျုးကျော်ဝင်ရောက်မှုမှ ကာကွယ်ရန် ကြားနေအခန်းကဏ္ဍကို ကျင့်သုံးခဲ့ပြီး နယ်နိမိတ်ကျော်လွန်၍ ဝင်ရောက်စွက်ဖက်ရန် မဖြစ်နိုင်ပေ။ NUG မှ “ဗဟိုကွပ်ကဲမှုအဖွဲ့နှင့် ညှိနှိုင်းရေးကော်မတီ” တည်ထောင်ရန် မကြာသေးမီက ကြိုးပမ်းမှုများမှာ အခြေအနေ အနည်းငယ်တိုးတက်ပုံရပြီး အတည်ပြုထားသော အသေးစိတ်အချက်များ မရှိခြင်းကြောင့် ကန့် သတ်မှု ရှိနေကြောင်း ဖော်ပြနေသည်။

ထို့ကြောင့် စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုသည် အကွဲအပြဲ ဖြစ်နေဆဲဖြစ်ပြီး အချို့ EAO များသည် NUG အပေါ် ယုံကြည်စိတ်ချရမှုအတွက် သတိထားနေဆဲ ဖြစ်သည်။ အမျိုးမျိုးသော PDFs များကြားတွင် မကြာခဏ ညွန့်ပေါင်းတည်ဆောက်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းမှလွဲ၍ NUG ၏ MoD သည် တစ်စုတစ်စည်းတည်းသော အမိန့်အောက်တွင် ပြန့်ကျဲနေသော PDF များကို စုစည်း ထားနိုင်ခြင်း မရှိပါ။ ကျွန်ုပ်တို့၏ တွေ့ရှိချက်များအရ ခန့်မှန်းခြေ PDF များ၏ 30 ရာခိုင်နှုန်းသည် NUG ၏အမိန့်အောက်တွင်ရှိပြီး 40 ရာခိုင်နှုန်းသည် NUG နှင့် ဆက်စပ်မှုအချို့ရှိသော်လည်း 30 ရာခိုင်နှုန်းသည် လွတ်လပ်စွာ လုပ်ဆောင်နေကြသည်။ မတူညီသော PDFs များသည် အဖွဲ့အစည်းဆိုင်ရာ တရားဝင်ဖွဲ့စည်းပုံမရှိဘဲ စစ်ဘက်ဆိုင်ရာ အခက်အခဲများကို မကျော်လွှားနိုင်ဘဲ နှစ်များ ကြာလာသည့်အခါ တဖွဲ့ ပြီးတဖွဲ့ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ကို ကြုံတွေ့ရသည်။ မြန်မာနိုင်ငံ၏ အတိတ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် စစ်အစိုးရကို အပြတ်အသတ် တိုက်ခိုက်ရန် ပျက်ကွက်ခဲ့ပြီး ကျေးလက်ပျောက်ကြားအဆင့်သို့  အသွင်ပြောင်းသွားသည့် အထောက်အထား ရှိသည်။

PDFs ကွဲလွဲမှုသည် ဗျူဟာမြောက် ရှုထောင့်မှကြည့်လျှင် ဒေသတခုချင်းစီတွင် စစ်တပ်ကို အစုလိုက်အပြုံလိုက် အာရုံစိုက်စေခြင်းဖြင့် စစ်အစိုးရ၏ ညံ့ဖျင်းသော နည်းဗျူဟာနှင့် စစ်ဆင်ရေးဆိုင်ရာ စွမ်းဆောင်ရည်အချို့ကို တိုက်ခိုက်နိုင်သည့် ထူးခြားသောအားသာချက်ကို ရရှိသည်။ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် အဓိကရှေ့တန်း ဒေသ (၅) ခုတွင် လွှမ်းမိုးထားသည်။ (၁) စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်၏ အနောက်စင်္ကြံ၊ (၂) ကေအိုင်အေ အများစုထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ (၃) ကေအဲန်ယူနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့နှင့်အတူ တိုက်ပွဲဖြစ်ပွားနေသည့် ကယားပြည်နယ် အရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ (၄) မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ (5) အရပ်ရပ်ကွဲပြားသော မြို့ပြနှင့် ကျေးလက် PDFs များ ပိုမိုပြန့်ကျဲလာပြီး မြို့ပြ တိုက်ခိုက်မှုများကို လက်ခံ ကျင့်သုံးနေသည့် အလယ်ပိုင်းဒေသများ တို့ဖြစ်သည်။  NUG သည် KNU ၏ အကာအကွယ်အောက်တွင် ကရင်ပြည်နယ် အခြေစိုက်ပြီး အခြားဒေသများရှိ တပ်ဖွဲ့များသည် ၎င်း၏ စစ်ဆင်ရေး ထိန်းချုပ်မှု ပြင်ပတွင် ရှိနေသည်။ တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်မတော်နှင့် ရှမ်းပြည်နယ်အတွင်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် အခြား ပူးပေါင်းဆောင်ရွက်နေသော လက်နက်ကိုင်အဖွဲ့များသည် ဘက်မလိုက်မှုကို လက်ခံ ကျင့်သုံး နေဆဲဖြစ်သည်ဟု ရှုမြင်နိုင်သည်။

ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို ထိန်းချုပ်ထားသည့် တပ်မတော်သည် အတွင်းပိုင်း ဒေသများကို စီမံကာ ပိုမို အင်အားသာသော လက်နက်ကြီးများ၊ စစ်ကားများ၊ လေကြောင်း၏ အားသာချက်များကို အသုံးပြုပြီး ဒေသအသီးသီးတွင် သီးခြား နေထိုင်ပြီး အချင်းချင်း ညှိနှိုင်းမှု မရှိသော PDFs များနှင့် LDFs များကို လများအတွင်း သို့ မဟုတ် နှစ်အနည်းငယ်အတွင်း တွန်းလှန်နိုင်ပြီး အပြတ်အသတ်အနိုင်ယူရန် အရေးတယူ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ၎င်းတို့၏ နယ်မြေ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိသည့် EAO များသည် တိုင်းရင်းသားနယ်မြေများအတွင်း စစ်မဟာဗျူဟာ သို့မဟုတ် စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုများ လျော့ကျကာ အကယ်၍ NUG PDF ဝိုင်းရံ ဝန်းရံခြင်း ခံရပါက ၎င်းတို့ အား ကူညီမည်။ ပကတိအခြေအနေအမှန် ပြောရလျှင် လက်ရှိတွင် တပ်မတော်သည် စစ်ရေးယန္တယား၏ ထိပ်တွင် ရှိနေသောကြောင့် ခုခံရုံနှင့် မလုံလောက်ပါ။

တပ်မတော်၏ စစ်ရေးအရ အတွင်းပိတ် အနိုင်ရယူမှုသည် သမိုင်းတွင် အထင်အရှား ရှိခဲ့သည်။ ဧရာဝတီသတင်းဌာနတွင် ကာလကြာရှည်စွာ မြန်မာနိုင်ငံအရေကို စောင့်ကြည့်လေ့လာရေးသားနေသူ Bertil Lintner က တပ်မတော်သည် ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးအား အလားတူ စစ်ရေးမဟာဗျူဟာကို ကျင့်သုံးကာ နယ်စပ် ထိုးစစ်ဆင်ခြင်းကို ခဏ ထိန်းချုပ်ကာ အလယ်ပိုင်းဒေသများတွင် အား ပိတ်ဆို့ စစ်ဆင်ရေးကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်။ ယနေ့ တပ်မတော်၏ နွေရာသီ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး (Tatmadaw’s dry season campaign) တွင် အဓိကရ အဓိကရ စစ်ဘုရင် (၃) ပါး  (အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား) အမည်ပါသည့် စစ်ဆင်ရေးကို အသုံးပြုပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းအနောက်ခြမ်းတို့ကို ပစ်မှတ်ထား၍ အလားတူ အောင်မြင်ရန် မျှော်လင့်ခဲ့ကြသည်။ တပ်မတော်သည် EAO များ ၎င်းတို့၏ ကိုယ်ပိုင်ထိန်းချုပ်ဒေသကိုသာ အာရုံစိုက်နေချိန်တွင် PDFs နှင့် LDFs များကို သီးခြားခွဲထုတ်ပြီး ပိတ်ဆို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပေသည်။ ချင်းပြည်နယ်ရှိ တပ်မတော်၏ စစ်ရေးအရ ထိုးစစ်ဆင်မှုတွင် ရက်စက်ကြမ်းကြုတ်မှုများက ယင်းချဉ်းကပ်မှုကို သက်သေထူလျှက်ရှိသည်။

ဤအချက်ကို စိတ်ထဲတွင် ထားခြင်းဖြင့် NUG နှင့် အမျိုးမျိုးသော PDFs များသည် စစ်လက်နက်ကြီးများ မပါပဲ၊ သို့မဟုတ် ထိရောက်သော တခုတည်းသော အမိန့် ပေးစနစ် မရှိပဲ မရှိဘဲ နိုင်ငံတော်အာဏာအား သိမ်းပိုက်ရန် ၎င်းတို့၏ ရည်မှန်းချက် အောင်မြင်ရန် အတော်ပင် ရုန်းကန်ရဖွယ်ရှိသည်။ ထို့အပြင်၊ PDFs များအကြားတွင် ညှိနှိုင်းထားသောရလဒ် သို့မဟုတ် အာဏာခွဲဝေမှုသဘောတူညီချက်လည်း မရှိပေ။။ စစ်အစိုးရသည် (တိုင်းရင်းသား EAOs များနှင့်) စေ့စပ်ညှိနှိုင်းရန် မက်လုံးအနည်းငယ် ပေးပြီး အတွေးအခေါ် အယူအဆ အယူသည်းသော အဖွဲ့အစည်းအဖြစ် ရှိနေသည်။ PDF ၏ လက်ရှိ သဘောထား ချင်း မတူညီမှုနှင့် ကျန်သည့် စစ်လက်နက်ပစ္စည်းကြီးများ ရှားပါးမှုကြားတွင် NUG သည် စစ်မြေပြင်တွင် အောင်ပွဲခံရန်နှင့် မြန်မာနိုင်ငံ၏ မြို့ပြနေရာများကို သိမ်းယူရန် အားသန်ဆဲ ဖြစ်သည်။ သေချာသည်မှာ တရုတ်သည် စစ်အစိုးရအတွက် ယုံကြည်စိတ်ချရသော မိတ်ဆွေမဟုတ်ပေ။ အာဆီယံသဘောတူညီချက် ငါးရပ်သည် အကန့်အသတ်ဖြင့် ထိရောက်မှုရှိနေဆဲ ဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ထိပ်သီးအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းကို အာဆီယံ ခေါင်းဆောင်တို့ မှ ပယ်ချခဲ့သည်။  ပီကင်း တရုတ်အစိုးရသည် နိုင်ငံတကာတွင် သြဇာရှိဆုံး အဓိက ဇာတ်ကောင်နိုင်ငံဖြစ်ပြီး စစ်တပ်က အနိုင်ရနေသရွေ့ စစ်တပ်ဘက်တွင် တာဝန်ရှိပါသည်။ ထို့ကြောင့် NUG သည် နိုင်ငံတကာ၏ ပံ့ပိုးကူညီမှု လိုအပ်လိမ့်မည်။ သို့သော် စစ်အစိုးရဘက်မှ ကုလသမဂ္ဂ ကိုယ်စားလှယ်ခန့်အပ်ရန် နှောင့်နှေးနေသည့်အတွက်  NUG ဘက်မှ  အခွင့်အလမ်းများစွာကို ရယူဆုပ်ကိုင်ထားရန် အလားအလာ ရှိပြီး လိုအပ်သည့်အကူအညီများကို  ရရှိနိုင်ပါ ပါသည်။

အရေးကြီးဆုံးအချက်ကား လက်ရှိအခြေအနေရ တော်လှန်ရေး အတိုက်အခံများသည် မြန်မာနိုင်ငံအတွင်း စီးပွားရေး ချွတ်ခြုံမှု၊ စည်းလုံးညီညွတ်ရေး ပြိုလဲမှု သို့မဟုတ် ပြည်တွင်းစစ် ကြာရှည်လာမှုတို့ ကြောင့် စစ်အစိုးရကို ပြိုလဲရန် တွန်းအားမပေးနိုင်ဟု မဆိုလိုနိုင်ပါ။ သို့ရာတွင် တပ်မတော်သည် အားနည်းလာ သည် မှန်သော်လည်း စည်းလုံးညီညွတ်မှု မရှိသည့် တော်လှန်ရေး အတိုက်အခံ များကြောင့် တဘက်နှင်တဘက် မည်သူကိုမျှ အနိုင်ယူနိုင်ခြင်း မရှိပဲ ကျရှုံးနိုင်ငံ (Failed State) နိုင်ငံအဖြစ် ပုံဖော်နိုင်သည်ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက နိုင်ငံခြားရေး စာစောင် (Foreign Affairs) တွင် ထောက်ပြထားသည်။  ဤအခြေအနေတွင် LDFs နှင့် EAOs ကဲ့သို့သော ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံရေး လမ်းစဉ်အတိုင်း ၎င်းတို့ ထိန်းချုပ်ဒေသတွင် ၎င်းတို့ အုပ်ချုပ်သွားမည့် စစ်ဘုရင်ပုံစံ အနေအထားသို့ ရောက်ရှိ နိုင်သည်။ PDFs အများစု၏ သစ္စာစောင့်သိမှုကို ရရှိထားသော NUG အစိုးရ နှင့် စစ်အစိုးရဆန့်ကျင်ရေး EAOs များသည် ထိုအခြေအနေကို ရှော င်ရှားရန်နှင့် နိုင်ငံတော်ယန္တရားကို သိမ်းပိုက် နိုင်ရန် အခွင့်အလမ်း များစွာ ရှိသည်။

 

နိုင်ငံရေး ရည်မှန်းချက်နှင့် ကိုက်ညီသော စစ်ရေးဗျူဟာ

မော်စီတုံး Mao Zedong ၏ ကျော်ကြားသော “တော်လှန်ရေးစစ်ပွဲ” ၏ စံနမူနာပြအတိုင်း၊ အောင်မြင်သော လက်နက်ကိုင်တော်လှန်ရေးဆီသို့ ရောက်ရှိရန် ကျယ်ပြန့်သော အဆင့်သုံးဆင့်ရှိသည်။ တစ်ချိန်ချိန်တွင်၊ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည် ကျေးလက်ဒေသများတွင် အချိုးမညီသော ပျောက်ကျားနည်းဗျူဟာမှ တဆင့် နယ်မြေစိုးမိုးရေးနှင့် အဓိကအခြေချနေထိုင်မှုများကို ချုပ်ကိုင်ထားနိုင်သည့် သမားရိုးကျပုံစံများအထိ ရင့်ကျက်လာရမည်ဖြစ်သည်။ ဤပုံစံသည် ယနေ့တိုင် မှန်ကန်ဆဲဟု ယူဆပါသည်။ NUG သည် ၎င်း၏ နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရန်အတွက် ၎င်း၏ ကန့်သတ်ချက်များကို ကျော်လွှားပြီး PDFs များနှင့် LDFs အများစုကို ပေါင်းစည်းရန်၊ သမားရိုးကျ အင်အားကို မြှင့်တင်ရန်နှင့် နိုင်ငံကို သိမ်းပိုက်ရန် အဓိကကျသည့် လက်နက်ကြီးနှင့် စက်ယန္တယားများ ရယူရန် ကြိုးပမ်းရမည်ဖြစ်သည်။

ဆက်လက်၍ NUG ၏ စစ်ရေး မဟာဗျူဟာသည် တိုင်းပြည်၏ အရှေ့ ဘက်နယ်ခြား ကျေးလက်ဒေသများတွင် အင်အားတည်ဆောက်ခြင်းအပေါ်  ဦးစွာဗဟိုပြုသင့်သည်။ ထိုမှတဆင့် NUG သည် ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ PDF များနှင့် အတူ လွတ်မြောက်နယ်မြေဒေသ ဇုန်တစ်ခုကို ထူထောင်နိုင်သည်၊ ဝန်ဆောင်မှုများနှင့် အခွန်ကောက်ခံမှုကို ပံ့ပိုးပေးသည့် စင်ပြိုင်အစိုးရဖွဲ့စည်းပုံကို ထူထောင်နိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် စက်လက်နက်ကြီးများကို ရယူနိုင်သည့် အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်နိုင်ရမည်ဖြစ်သည်။ တချိန်တည်းတွင် EAO များဘက်တွင်လည်း ပိုမိုပြည့်စုံမှုရှိရန် လိုအပ်မည်ဖြစ်ပြီး၊ EAO များသည် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုကို အထောက်အကူပေးဆုံး ဖြစ်သည့်တိုင် EAO များသည် ၎င်းတို့၏ အဆုံးအဖြတ်ကို အများစု ချမှတ်နေ၍ NUG အား နယ်မြေ မခွဲဝေလိုပေ။ ။ ထို့ကြောင့် တိုင်းရင်းသားလူနည်းစုများနှင့် ဆက်ဆံရေးတွင် NLD ၏ ညံ့ဖျင်းသော လုပ်ငန်းမှတ်တမ်းကို ကိုင်တွယ်ဖြေရှင်း နေရပြီး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေဆဲ ဖြစ်သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့သည် လေကြောင်းရန် ကာကွယ်ရေးလက်နက်များ လက်လှမ်းမီနိုင်သောကြောင့် ၎င်းတို့နှင့် ယခင်က ကျောထောက်နောက်ခံပြု တရုတ်နိုင်ငံအား လက်နက်မှောင်ခိုလုပ်ငန်းကို မျက်ကွယ်မပြုသင့်ပဲ စက်လက်နက်ကြီးများလိုအပ်ချက်ကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

ခိုင်မာသော အခြေခံဒေသရရှိပြီး ကောင်းမွန်စွာ စီမံခန့်ခွဲလည်ပတ်နိုင်သည့် NUG ဦးဆောင်သော PDFs များသည် စက်လက်နက်ကြီးများ ပိုမိုရရှိလာပါက သမရိုးကျအတိုင်း တိုက်ခိုက်နေသည့် တပ်မတော်ကို စတင် စိန်ခေါ်နိုင်မည်ဖြစ်သည်။ မြို့ပြနှင့်ကျေးလက်ဒေသ နှစ်ခုစလုံးတွင် နိုင်ငံတဝှမ်း ဖိအားများကို ထိန်ုးသိမ်းထားနိုင်ခြင်း၊ ဒေသအလိုက် မတူညီသည့် စစ်ရေးဗျူဟာဖြင့် စစ်တပ်ကို တားဆီးခြင်းနှင့် Mao Zedong ညွန်ပြသည့် ပျောက်ကျားနှင့် သမားရိုးကျ စစ်ဆင်ရေးများကို အခြေအနေများအတိုင်း လိုက်လျောညီထွေ အသုံးချ၍ နိုင်ငံရေး ရည်မှန်းချက်ကို ရေရှည်အတွက် ရရှိရန် ဆောင်ရွက် နိုင်မည်ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့၏ အတိတ်ကအမှားများကို ရှောင်ရှားရန် NUG သည် နယ်စပ်ဒေသများသို့ ပြောင်းရွှေ့ခံရခြင်းမှ ရှောင်ရှားသင့်ပြီး ခုခံတိုက်ခိုက်မှု ဒေသများကို ပြည်တွင်းသို့ ချဲ့ ထွင်နိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံး ချိတ်ဆက်ရန် ကြိုးစားသင့်သည်။ ၎င်းသည် ကွဲပြားနေသော ခုခံတိုက်ခိုက်မှု ဒေသများကို များကို ချိတ်ဆက်ပြီး ဆက်လက်၍ တိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုးပမ်းမှုရမည်ဖြစ်သည်။

NUG သည် အစပထမပိုင်းတွင် မိမိအဖွဲ့ အစည်းအား ကျစ်လစ်အောင် ဖွဲ့ စည်းရန် အခက်အခဲ ရှိနိုင်ပါသည်။ EAOs များသည်  လွတ်လပ်စွာ သီးခြားရပ်တည်နေပြီး တပ်မတော်သည် အားကောင်းနေဆဲဖြစ်သည်မှာ သေချာပါသည်။ သို့သော် Mao Zedong ၏ အဆိုရ လူထု၏သစ္စာစောင့်သိမှုကို ရယူရန် စံပြ ပထမခြေလှမ်းသည် NUG က ရပြီး နေပြီဖြစ်သည်။ အခြေခံဒေသ၊ ပိုမိုအားကောင်းသော ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်လက်နက်ကြီးများနှင့် စုစည်းထားသော အမိန့် ပေး ကွပ်ကဲမှုဖွဲ့စည်းပုံနှင့်အတူ NUG နှင့် ၎င်း၏ PDFs များသည် နိုင်ငံတော်၏ အာဏာကို သိမ်းပိုက်ရန် အခွင့်အလမ်းရှိနိုင်သည်။

Share.

About Author

Leave a Reply