နိုင်ငံတကာ တုံ့ပြန်မှု ကဏ္ဍ
အပတ်စဉ် | ငြိမ်းချမ်းရေးသုံးသပ်ချက်
ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၊ ၂၀၂၆ခုနှစ်
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် နိုင်ငံတကာအဝိုင်းအဝန်း၏ တုံ့ပြန်မှုများကို လေ့လာရာတွင် တူညီသော ရပ်တည်ချက်ထက် ကွဲပြားခြားနားသော သံတမန်ရေးရာ လမ်းကြောင်းများကို ပိုမိုထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူနေသည့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံရှိ အာဏာသိမ်း စစ်အုပ်စုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သော တော်လှန်ရေးအုပ်စုဟူသည့် အင်အားစုနှစ်ဖက်လုံးကို အပြုသဘောဆောင်သည့် ကြားဝင်စေ့စပ်ခြင်း (Constructive Engagement) ဖြင့် ချဉ်းကပ်နေပါသည်။ ထို့အပြင် ဤစာတမ်းသည် ရုရှား၏ မဟာဗျူဟာမြောက် မဟာမိတ်ပြုခြင်းနှင့် မြန်မာနိုင်ငံအပေါ် စီးပွါးရေးအရ အကာအကွယ်ပေးနေခြင်းကိုလည်း နှိုင်းယှဉ်ဆန်းစစ်တင်ပြထားပါသည်။ ဤကွဲပြားမှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် ကျင့်သုံးလေ့ရှိသည့် လက်တွေ့ဆန်သော အမျိုးသားအကျိုးစီးပွား (Realism) ကို ပိုမိုဦးတည်စဉ်းစားနေကြောင်းကို မီးမောင်းထိုးပြနေပါသည်။
ဖိလစ်ပိုင်၏ အားလုံးပါဝင်နိုင်သော “လမ်းကြောင်းနှစ်သွယ်” ချဉ်းကပ်မှု
ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ၏ ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရန် “Dual-track” (လမ်းကြောင်းနှစ်သွယ်) ချဉ်းကပ်မှုကို ကျင့်သုံးခဲ့သည်။ ၎င်းမှာ အာဏာသိမ်း စစ်အုပ်စုနှင့်သာမက တော်လှန်ရေးအင်အားစု (NUG/EAOs) များနှင့်လည်း တစ်ပြိုင်နက်တည်း ထိတွေ့ဆက်ဆံခြင်း ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Maria Theresa Parreno Lazaro သည် ဇန်နဝါရီလ (၅) ရက်မှ (၇) ရက်နေ့တို့တွင် နေပြည်တော်သို့ သွားရောက်၍ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။ အလားတူ ဖိလစ်ပိုင်နိုင်ငံ Tagaytay မြို့တွင်လည်း မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ဇန်နဝါရီလ (၁၉) ရက်မှ (၂၀) ရက်နေ့အထိ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။[1]
ယခုအကြိမ်တွေ့ဆုံမှုသည် မြန်မာနိုင်ငံရှိ မတူကွဲပြားသော အစုအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်မည့် အာဆီယံဥက္ကဋ္ဌ၏ မဟာဗျူဟာအရ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို (Lazaro) က ပြောကြားခဲ့သည်ဟု ဖိလစ်ပိုင်နိုင်ငံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။[2] ‘အားလုံးပါဝင်သည့် လုပ်ငန်းစဉ် (inclusive process) တစ်ရပ်ဖြင့်သာ ရေရှည်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း’ လည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ထို့အပြင် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့တွင်လည်း ဖိလစ်ပိုင်က နိုင်ငံရေးအကျဉ်သားများကို လွှတ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာနိုင်ငံသို့ တောင်းဆိုတိုက်တွန်းခဲ့ပါသည်။[3] ဖိလစ်ပိုင်နိုင်ငံ၏ အဓိကတောင်းဆိုချက်များမှာ –
၁။ ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန်။
၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန်။
၃။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန်။
စသည်တို့ ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဌအသစ်တာဝန်ကို လက်ခံရယူသည့် ပထမလတွင်ပင် မြန်မာ့အရေးကို ပိုမိုအာရုံစိုက်ခဲ့သည်ကို တွေ့ရသည်။ ဖိလစ်ပိုင်၏ ချဉ်းကပ်မှုသည် “အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု” (Constructive Engagement) ဖြစ်ပါသည်။ အာဏာသိမ်း စစ်အုပ်စုနှင့် တွေ့ဆုံမှုအပြီး ပြုလုပ်ခဲ့သည့် ရိုက်တာ (Reuters) သတင်းဌာနနှင့် မေးမြန်းမှုတစ်ခုတွင် “ရွေးကောက်ပွဲကို ထောက်ခံအတည်ပြုပေးနေခြင်း မဟုတ်ပါ။ သို့သော် မိမိတို့ရှေ့မှောက်တွင် ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်မှ မည်သည့်ရလဒ်များ ထွက်ပေါ်လာမည်ဆိုသည်ကိုမူ ပွင့်လင်းစွာ စောင့်ကြည့်သွားမည်ဖြစ်သည်” ဟု ဖိလစ်ပိုင်နိုင်ငံရေးဝန်ကြီးက ပြောကြားခဲ့ဖူးပါသည်။[4] ထို့ကြောင့် ဖိလစ်ပိုင်သည် စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစုများအကြား ကြားဝင်စေ့စပ်ပေးသူ (Mediator) အဖြစ် ရပ်တည်ကာ ပိတ်ဆို့အရေးယူခြင်းထက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။
ရုရှား၏ မဟာဗျူဟာမြောက် မဟာမိတ်နှင့် စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးမှု
ရုရှားနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် တရုတ်ပြီးလျှင် မြန်မာစစ်အုပ်စု၏ အနီးကပ်ဆုံးသော မဟာဗျူဟာမြောက် မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်လာပါသည်။ (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergey Shoigu ၏ နေပြည်တော်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေး မည်မျှခိုင်မာကြောင်း ပြသနေသည်။ အဆိုပါခရီးစဉ်အတွင်း ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို အပြည့်အဝထောက်ခံကြောင်း ကတိပြုခဲ့သည်။
မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ ရုရှား၏ ရေရှည်တည်တံ့ပြီး ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် ဆယ်စုနှစ် (၇) ခုမက ကြာမြင့်ခဲ့ပြီဖြစ်သလို အောင်မြင်စွာဖြင့် တိုးတက်ဖြစ်ထွန်းနေကြောင်းလည်း Sergey Shoigu က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။[5]
ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူးသည် စစ်ခေါင်းဆောင်အပြင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးတင်အောင်စန်းနှင့်လည်း ဖေဖော်ဝါရီလ (၂) ရက်တွင် တွေ့ဆုံခဲ့သည်။[6] ထို့နေ့တွင်ပင် မြန်မာ-ရုရှား နှစ်နိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဥ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ မြန်မာဘက်က ဒု-ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်ကို တွေ့ရသည်။[7] ဤကဲ့သို့ (၂၀၂၆) မှ (၂၀၃၀) ခုနှစ်အထိ ကြာမြင့်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရေးအစီအစဉ်သည် မြန်မာစစ်အုပ်စုအပေါ် ရုရှား၏ မဟာဗျူဟာမြောက် မဟာမိတ်ပြုခြင်းနှင့် စစ်ဘက်ဆိုင်ရာ အကာအကွယ်ပေးမှု ဖြစ်ပါသည်။
အာဆီယံကဲ့သို့ ဒေသတွင်းနိုင်ငံများကပါ အသိအမှတ်မပြုသည့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ရုရှားက အသိအမှတ်ပြုခြင်းအပါအဝင် ဤကဲ့သို့ စစ်ဘက်ဆိုင်ရာစာချုပ်များ ချုပ်ဆိုခြင်းများသည် စစ်အုပ်စု၏ တရားဝင်မှု (Legitimacy) အတွက် အရေးပါသော သံတမန်ရေးရာ အထောက်အပံ့များ ဖြစ်စေပါသည်။ ထို့ကြောင့် ရုရှားသည် အာဏာသိမ်း စစ်အုပ်စုအတွက် ကုလသမဂ္ဂကဲ့သို့သော နေရာမျိုးတွင် “ဗီတိုအာဏာသုံး အကာအကွယ်ပေးသူ” (Veto-wielding Shield) အခန်းကဏ္ဍတွင် ဆက်ရှိနေပါသည်။
သံတမန်ရေးရာ ချဉ်းကပ်မှုများအား နှိုင်းယှဉ်ဆန်းစစ်ချက်
မြန်မာ့အရေးနှင့် ပတ်သက်၍ မတူညီသော နိုင်ငံများ၏ ချဉ်းကပ်မှုများကို အောက်ပါအတိုင်း နှိုင်းယှဉ်နိုင်ပါသည်။
| နိုင်ငံ | ချဉ်းကပ်မှုပုံစံ | အဓိကဖြစ်ရပ် | ရည်ရွယ်ချက် |
| ရုရှား | မဟာဗျူဟာမြောက် မဟာမိတ် (Realism) | ၂၀၃၀ အထိ ကာကွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးခြင်း။ | စစ်ဘက်နှင့် စီးပွားရေး ပူးပေါင်းမှုမှတစ်ဆင့် ကိုယ်ကျိုးစီးပွားကာကွယ်ရန်။ |
| ဖိလစ်ပိုင် | အပြုသဘောဆောင်သော ထိတွေ့မှု (Constructive Engagement) | စစ်အုပ်စုနှင့် တော်လှန်ရေးအင်အားစု တို့ကို လမ်းကြောင်းနှစ်သွယ်ဖြင့် ဆွေးနွေးခြင်း။ | အာဆီယံမူဘောင်အတွင်းမှ အားလုံးပါဝင်သော နိုင်ငံရေးအဖြေရှာရန်။ |
နိဂုံး
မြန်မာ့အရေးတွင် နိုင်ငံတကာ၏ ချဉ်းကပ်မှုများသည် “အကျိုးစီးပွား” (Interests) နှင့် “တန်ဖိုးထားမှု” (Values) အကြား သိသာထင်ရှားစွာ ကွဲပြားလျက်ရှိသည်။ အနောက်နိုင်ငံများ၏ စီးပွါးရေးအရ အရေးယူပိတ်ဆို့ခံထားရသော ရုရှားသည် လက်တွေ့ဆန်သော အမျိုးသားအကျိုးစီးပွားကို ဦးစားပေး ကျင့်သုံးနေခြင်းသာဖြစ်ပါသည်။ ဖိလစ်ပိုင်၏ ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများသည်လည်း အစွန်းနှစ်ဖက်အကြား လမ်းစရှာဖွေနေခြင်းဖြစ်ပါသည်။ ဤသို့ ကွဲပြားနေသော သံတမန်ရေးရာ လမ်းကြောင်းများကြောင့် မြန်မာ့အရေးအတွက် တစ်ညီတစ်ညွတ်တည်းသော နိုင်ငံတကာတုံ့ပြန်မှုရရှိရန်မှာ အလွန်စိန်ခေါ်မှုကြီးမားသော အခြေအနေတွင် ရှိနေပါသည်။
[1] Myanmar Now, January 23, 2026: အာဆီယံ ဥက္ကဋ္ဌသစ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနှင့်NUG ဒု- နိုင်ငံခြားရေးဝန်ကြီး အပါအဝင်တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေး။ https://myanmar-now.org/mm/news/71460/
[2] Philippine News Agency, January 22, 2026: PH hosts 1st Myanmar stakeholders meet; de-escalation discussed. https://www.pna.gov.ph/articles/1267563
[3] Philippine News Agency, February 12, 2026: PH urges release of more Myanmar political prisoners. https://www.pna.gov.ph/articles/1268935
[4] Reuters, January 22, 2026: ASEAN chair Philippines hopes to widen talks with anti-junta forces in Myanmar. https://www.reuters.com/world/asia-pacific/philippines-hosts-myanmar-political-ethnic-groups-stakeholder-meeting-2026-01-22/
[5] TASS Russian News Agency, February 3, 2026: Russia grateful to Myanmar for its position on Ukraine — top security official. https://tass.com/politics/2081125
[6] TASS Russian News Agency, February 2, 2026: Russia to provide Myanmar with all assistance in ensuring security, sovereignty — Shoigu. https://tass.com/politics/2080267
[7] Popular News Journal, February 2, 2026: မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး။ https://www.facebook.com/share/p/1Bvti6tTa4/

