ကြံ့ဖွံ့ရှုံးသော ဘီလူးကျွန်း၊ MUP အောင်ပွဲနှင့် ကတိကဝတ်စိန်ခေါ်မှု

ကြံ့ဖွံ့ရှုံးသော ဘီလူးကျွန်း၊ MUP အောင်ပွဲနှင့် ကတိကဝတ်စိန်ခေါ်မှု

နိုင်ငံရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဇန်နဝါရီလ ၉ရက်နေ့ ၊ ၂၀၂၅ ခုနှစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။ နိုင်ငံအနှံ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာနှုန်းပြည့်နီးပါး အနိုင်ရရှိသော်လည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် နှစ်နေရာ ရှုံးနိမ့်ခဲ့သည်။ မွန်ညီညွတ်ရေးပါတီ (MUP) က လွှတ်တော်နှစ်ရပ်စလုံးတွင် အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်လွှတ်တော်နေရာတွင်မူ ကြိုတင်မဲများကြောင့် ရလဒ်ပြောင်းပြန်ဖြစ်သွားခဲ့သည့် ဖြစ်စဉ်ကလည်း ဒေသတွင်းဝေဖန်မှုများကို မြင့်တက်စေခဲ့သည်။

ယခုအခါ လွှတ်တော်တွင်း ရောက်ရှိမည့် MUP အမတ်သစ်များအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းပါ ကတိကဝတ်များကို အကောင်အထည်ဖော်ရန်နှင့် ဒေသခံများ ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း အရေးပင် ဖြစ်သည်။

 

၁။ ချောင်းဆုံရလဒ်နှင့် အနိုင်ရအမတ် (၃) ဦး၏ အခန်းကဏ္ဍ

ချောင်းဆုံမြို့နယ်တွင် မတူညီသော လွှတ်တော်အသီးသီးအတွက် မွန်လူမျိုး ကိုယ်စားလှယ် (၃) ဦး အနိုင်ရရှိခဲ့သည်။

နိုင်အမ်ချမ်းမွန် (ခ) မင်းစိုးခိုင် (အမျိုးသားလွှတ်တော်)
  • ဇန်နဝါရီ ၈ ရက်စွဲပါ ကြေညာချက် (၁၁/၂၀၂၆) အရ မဲဆန္ဒနယ်အမှတ် (၄) တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏အောင်ပွဲသည် ချောင်းဆုံဒေသအတွင်း မွန်ညီညွတ်ရေးပါတီ၏ လူထုထောက်ခံမှု အခိုင်အမာရှိနေဆဲဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် နိုင်ငံတော်အဆင့် ဥပဒေပြုရေးတွင် မွန်တိုင်းရင်းသားတို့၏ အခွင့်အရေးကို မည်သို့ကာကွယ်ပေးမည်နည်းဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်ဖြစ်သည်။
မင်းစိုးသူ (ပြည်သူ့လွှတ်တော်)
  • ခိုင်လုံမဲ ၂၃,၀၀၀ ကျော်ဖြင့် USDP ကိုယ်စားလှယ်ကို အပြတ်အသတ် အနိုင်ရခဲ့သည်။ အသက် (၂၉) နှစ်သာရှိသေးသော ၎င်းသည် ယခုရွေးကောက်ပွဲ၏ အသက်အငယ်ဆုံးအမတ် ဖြစ်လာပြီး လူငယ်ထု၏အင်အားဖြင့် ဒေသခံတို့၏အသံကို လွှတ်တော်သို့ မည်မျှအထိ ရောက်အောင် ပို့ဆောင်ပေးနိုင်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဦးအောင်ကြည်သိန်း (ပြည်နယ်လွှတ်တော် – ဝန်ကြီးချုပ်)
  • လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ကြိုတင်မဲအသာစီးဖြင့် ကပ်၍အနိုင်ရခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မဲရုံမဲ ၁၉,၀၀၀ ခန့်သာရရှိသော်လည်း ကြိုတင်မဲ ၂,၁၀၀ ကျော်ကြောင့် စုစုပေါင်း ၂၁,၀၀၀ ကျော်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ဘက် MUP ကိုယ်စားလှယ် ဦးနိုင်ထွန်းဦးမှာမူ မဲရုံမဲတွင် ၂၀,၀၀၀ ကျော်ဖြင့် အသာရနေခဲ့သော်လည်း ကြိုတင်မဲရလဒ်ကြောင့် ရှုံးနိမ့်ခဲ့ရခြင်းက ပွင့်လင်းမြင်သာမှုအပေါ် လူထု၏သံသယကို ဖြစ်ပေါ်စေခဲ့သည်။

၂။ ဘီလူးကျွန်း၏ အကြီးမားဆုံးအန္တရာယ် − ကျောက်မီးသွေးစက်ရုံစီမံကိန်း

လက်ရှိ ချောင်းဆုံမြို့နယ်အတွင်း ဒေသခံပြည်သူများ အစိုးရိမ်ဆုံးဖြစ်နေသည့် ကိစ္စမှာ ကလွီရွာနှင့် ဒရယ်ရွာကြားတွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံစီမံကိန်း ဖြစ်သည်။ ဤစီမံကိန်းသည် ဘီလူးကျွန်း၏ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံတို့၏ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သဖြင့် ပြည်သူများက လုံးဝ (လုံးဝ) မလိုလားသော အန္တရာယ်ကြီးတစ်ခုအဖြစ် ရှုမြင်ထားကြသည်။

ယခင်ကတည်းက ဤစီမံကိန်းကို ကန့်ကွက်ခဲ့ကြသော်လည်း အာဏာပိုင်များက ရှေ့ဆက်ရန် ကြိုးပမ်းနေခြင်းကြောင့် အသစ်တက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များအပေါ် ဒေသခံတို့၏ မျှော်လင့်ချက်မှာ အလွန်မြင့်မားနေသည်။

၃။ လူထုဘက်မှ မည်သူရပ်တည်မည်နည်း

မွန်ညီညွတ်ရေးပါတီ (MUP) ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် “နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်” နှင့် “တိုင်းရင်းသားအခွင့်အရေးနှင့် ဒေသအကျိုးစီးပွားကို ဦးစားပေးရန်” ဟူသော ကတိကဝတ်များ ပါဝင်သည်။

ဘီလူးကျွန်းအရေးအတွက် ဤအမတ် (၃) ဦးထဲတွင် မည်သူက ချောင်းဆုံဒေသခံများဘက်မှ အမှန်တကယ် ရပ်တည်ပေးမလဲဆိုသည်မှာ ကျောက်မီးသွေးစက်ရုံစီမံကိန်းအပေါ် ထုတ်ဖော်ပြောဆိုမည့် ရပ်တည်ချက်က အဆုံးအဖြတ်ပေးလိမ့်မည် ဖြစ်သည်။

ပါတီ၏ ကတိကဝတ်အတိုင်း ပြည်သူ့အကျိုးကို ရှေ့တန်းတင်မည်လား၊ သို့မဟုတ် စီမံကိန်းနောက်ကွယ်က အကျိုးစီးပွားများနောက်သို့ လိုက်ပါသွားမည်လားဆိုသည်မှာ ဘီလူးကျွန်းသားတို့အတွက် အသက်တမျှ အရေးကြီးသော မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

လာမည့် လွှတ်တော်နိုင်ငံရေးအခင်းအကျင်းသစ်တွင် ကြိုတင်မဲဖြင့် အနိုင်ရခဲ့သော စစ်တပ်ကျောထောက်နောက်ခံ ဦးအောင်ကြည်သိန်းက  ပြည်နယ်လွှတ်တော်တွင် ဤစီမံကိန်းအပြင် မွန်ပြည်နယ်ရှိ Mega Project များကို ဖော်ဆောင်ရန် ကြိုးပမ်းလာနိုင်သည်။ ဤအခြေအနေတွင် မွန်ညီညွတ်ရေးပါတီအမတ်(၂)ဦးက ပြည်ထောင်စုလွှတ်တော်တွင် ပြည်သူ့ဘက်မှ ရပ်တည်ပြခြင်းဖြင့် ဖြေရှင်းပြနိုင်မလားဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply